စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေသည့် ကရင်ပြည်နယ် မြ၀တီမြို့နယ် ဝေါ်လေ – မြ၀တီလမ်းအနီး၌ ယမန်နေ့က တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် ရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ဇူလိုင် ၂၅ရက် ညနေပိုင်းနှင့် ညပိုင်းတွင် မြဝတီ – ဝေါ်လေလမ်းမအနီး၊ သုံးထပ်ကွေ့တောင် ကြောအား အကြမ်းဖက်စစ်ကောင်စီက ထပ်မံ၍ ကျူးကျော်ရန် ကြိုးစားခဲ့သည့်အပေါ် လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ကော်ဘရာစစ်သည်တော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထွက်ပြေးဆုတ်ခွာ သွားကြောင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံး၊ တစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရကြောင်း ဖော်ပြထားသည်။
ကော်ဘရာစစ်သည်တော် တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထား သည်။
ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင် ၂၄ရက်ကလည်း တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်ဟု ဆိုသည်။
