“နန်းထိုက်အောင်” စစ်ဆင်ရေးအဖြစ် ရန်ကုန်မြို့ အင်းစိန်အကျဥ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာရှိ စစ်ကောင်စီတပ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရှစ်ဦးထိပြီး နှစ်ဦးသေကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။
ယနေ့(ဇူလိုင် ၂၉)ညနေ ၆ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင်တပ်ခွဲ (၄)မှ ရဲဘော်များနှင့် Toxic Boys တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်း တာဝန်ရှိသူက ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်သည့်နေရာသည် ဘုရင့်နောင်လမ်းမကြီးဘေး မင်းစေတီမှတ်တိုင် မျက်နာချင်းဆိုင်ရှိ အင်းစိန်အကျဥ်းဦးစီးဌာနဝန်ထမ်း အိမ်ရာဝန်းထဲမှ စစ်ကောင်စီတပ်များ တပ်စွဲထားသည့်နေရာအား လက်ပစ်ဗုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။
“၈ ယောက်ထိတယ်။ ၂ ယောက်ပွဲချင်းပြီးတယ်လို့ သတင်းရတယ်”ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူက ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကျဥ်းဦးစီးဌာနဝန်ထမ်းအိမ်ရာသို့ အရေးပေါ်လူနာတင် ယာဥ်များရောက်ရှိလာပြီး စစ်ကောင်စီတပ်များ ခြေရှုပ်လျှက်ရှိကြောင်း သိရသည်။
၂၀၂၂ ဧပြီ ၈ရက်က စတင်ခဲ့သော နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအရ ရက်ပေါင်း ၆၀အတွင်း စစ်ကောင် စီပစ်မှတ် ၉၁ ခုအား တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး ၉၀ ကျော်ပြင်းထန်ဒဏ်ရာများရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက အသိပေးသည်။
