ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြဝတီ – ဝေါ်လေ ကားလမ်းမအနီးတွင် ၂ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိသကဲ့သို့ ကော်ဘရာစစ်သည်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
အဆိုပါ လမ်းပိုင်းရှိတောင်ကြောများပေါ်သို့နေ့စဉ်ရက်ဆက်ကျူးကျော်ရန် ကြိုးစားနေသော အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ကော်ဘရာစစ်ကြောင်းတို့ ယမန်နေ့ (ဇူလိုင်၂၈) ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်းသုံးထပ်ကွေ့အနီးသောင်ရင်းမြစ်ဘက်အခြမ်း၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။
ယမန်နေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၂)ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကာ ဆုတ်ခွာသွားခဲ့ပြီး ကော်ဘရာစစ်သည်တော် တစ်ဦး ကျဆုံးခဲ့ရကြောင်း၊ ယနေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ(၂) မှ ဗိုလ်ကြီး တစ်ဦးနှင့် အခြားအဆင့်တစ်ဦး သေဆုံးခဲ့ပြီးအခြားအဆင့် (၂)ဦးပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။
ယနေ့တိုက်ပွဲတွင် ကော်ဘရာစစ်သည်တော်များ ထိခိုက်မှုမရှိကြောင်းဖော်ပြထားသည်။
စစ်ကောင်စီတပ်များသည် ကော်ဘရာစစ်ကြောင်းများ ရှိရာသို့ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့သည်။
