ဇူလိုင် ၂၁ ရက်တွင်မိုးမိတ်၌စစ်ကောင်စီတပ်အား KIA၊PDF ပူးပေါင်းတပ်ကတစ်နေကုန်တိုက်ခိုက်ခဲ့
ရှမ်းပြည်နယ်၊ မိုးမိတ်တွင် ယမန်နေ့က တစ်နေကုန်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး အထိနာသွားသည့် စစ်ကောင်စီက အရပ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများကပြောသည်။
KIA၊ PDF ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ်တို့သည်မိုးမိတ်မြို့နှင့်လေးမိုင်ခန့်အကွာရှိစင့်ကင်ရွာတွင် ဇူလိုင် ၂၁ရက် နံနက်မှ ညအထိ တစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“တစ်နေကုန် တိုက်ပဲဖြစ်တာ။ စစ်ကောင်စီဘက်က ဒဏ်ရာရလူနာတွေ သယ်သွားတာတွေ့တယ်။ သရက်ချိုရွာမှာ သားအမိနှစ်ယောက်တည်းနေတဲ့ အိမ်ကို စစ်ခွေးတွေက သေနတ်နဲ့ ပစ်တာသားဖြစ်သူသေဆုံးသွားတယ်”ဟု မိုးမိတ်ဒေသခံတစ်ဦးကပြောသည်။
သေဆုံးသူသည် အသက် ၁၇နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သည်။ တိုက်ပွဲသည် စင့်ကင်ရွာတွင်သာ ဖြစ်ခဲ့ကြောင်း၊ အထိနာလာသည့် စစ်ကောင်စီ သရက်ချိုရွာအရောက်တွင် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဟု ဒေသခံတစ်ဦးကလည်းပြောသည်။
ယမန်နေ့က တိုက်ပွဲသည် နံနက် ၇နာရီခန့်မှစတင်ခဲ့ပြီး ည ရှစ်နာရီခန့်၌ မိုးသည်းထန်းစွာရွာသွန်းသည့်အချိန်မှသာ ပစ်ခတ်သံများ ရပ်သွားသည်ဟု ဒေသခံများကပြောသည်။မိုးမိတ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှာ တပ်မ ၉၉နှင့် တွင်းငယ်အခြေစိုက်အမြောက်တပ်ရင်းတို့ဖြစ်ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီဘက်က ၆ဦးထက်မနည်းသေဆုံးထိခိုက်မှုရှိပြီးKIAနှင့် PDF ပူးပေါင်းအဖွဲ့မှလည်း ထိခိုက်မှုရှိခဲ့သည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
မိုးမိတ်ဒေသတွင် စစ်ကောင်စီတပ်ကအင်အားတိုးမြှင့်လာပြီးနောက် စစ်ရေးတင်းမာနေ၍ မန္တလေး – မိုးမိတ် လမ်းကြောအား မည်သည့်နည်းလမ်း နှင့်မျှ ခရီးသွားလာခြင်းမပြုလုပ်ကြရန် မိုးမိတ်မြို့ပြည်သူ့ကာကွယ်ရေး တပ်မတော်ကဇူလိုင် ၁၇ရက်ကတွင် သတင်း ထုတ်ပြန်ထားသည်။
