ပြည်တွင်း၌ ဆေးဝါးများပြတ်လပ်လာပြီးနောက် ဆေးဝါးလုပ်ငန်းရှင်များကို ပြည်ပမှဆေးတင်သွင်းရန်စစ်ကောင်စီကဒေါ်လာထုတ်မပေးဘဲ ကိုယ်ပိုင်အစီအစဉ်ဖြင့် တင်သွင်းခွင့်ပြုမည်ဟု ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ယမန့်က ထုတ်ပြန်လိုက်သည်။
ဒေါ်လာရှားပါးလာခြင်းကြောင့် ပြည်ပမှတင်သွင်းရသော အခြေခံဆေးဝါးများရှားပါးလာသဖြင့် ဆေးကုမ္ပဏီအချို့သည်ဆေးဝါးရောင်းချမှုကိုရပ်နားထားရသည်ဟု ဆေးကုမ္ပဏီ အရောင်းဝန်ထမ်းအချို့ကပြောသည်။
စစ်ကောင်စီက ဒေါ်လာများရသမျှစုပြီး ပုဂ္ဂလိကမှဒေါ်လာစီးဆင်မှုကိုပိုမိုထိန်းချုပ်နေသောကြောင့်ပြည်ပသွင်းကုန်များကို ရပ်တန့်သွားသလို ပြည်ပမှဆေးဝါးများအဓိကတင်သွင်းရောင်းချနေသော ဆေးဝါးဈေးကွက်တွင်လည်းဆေးဝါးများရှားပါးလာခြင်းဖြစ်သည်ဟုဆေးဝါးတင်သွင်းရောင်းချသောလုပ်ငန်းရှင်များကပြောသည်။

ယခုအခါ ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ သွင်းကုန်လိုင်စင်လျှောက်ထားရာတွင်စစ်ကောင်စီထံနိုင်ငံခြားငွေဝယ်ယူခြင်းမပြုဘဲ ကုမ္ပဏီအစီအစဉ်ဖြင့် ငွေလွှဲပါက တင်သွင်းခွင့်ပြုမည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။
ကိုယ်ပိုင်အစီအစဉ်ဖြင့်တင်သွင်းမည့်ကုမ္ပဏီများကိုအသင်းက စာရင်းပြုစု၍ စစ်ကောင်စီ ထိန်းချုပ်ထားသည့် ကုန်သွယ်ရေးဦးစီးဌာနကို တင်ပြပေးမည်ဟု ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းကဆိုသည်။
“ဒေါ်လာဈေးက မငြိမ်တော့ ကုမ္ပဏီဘက်ကဆေးတင်သွင်းတာရပ်ထားတယ်။ရှိတဲ့ဆေးကိုပဲထိန်းရောင်းပေးနေရတယ်။ဆေးအများစုကတော့ ပြတ်နေပြီ”ဟု ရန်ကုန်မြို့အခြေစိုက် ဆေးဝါးဖြန့်ဖြူးနေသည့်ကုမ္ပဏီတစ်ခု အရောင်းမန်နေဂျာတစ်ဦးကပြောသည်။
လက်ရှိတွင် ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် ဆေးဝါးဈေးနှုန်းများမှာလည်းပိုမိုမြင့်တက်နေသည်။
“သူတို့ဘက်က Import လိုင်စင်(သွင်းကုန်လိုင်စင်)ချမပေးတော့ ဈေးတွေတက်တာ။ လိုင်စင်က ၃ လ တဖြတ်ချချပေးတာအခုမချပေးတော့ ကုမ္ပဏီတွေက အရောင်းပိတ်တာ”ဟု ဆေးဝါးတင်သွင်းရောင်းချနေသောကုမ္ပဏီပိုင်ရှင်တစ်ဦးကပြောသည်။
လက်ရှိတွင်ဆေးဝါးဈေးနှုန်းများမှာ ၂၀ ရာခိုင်နှုန်းအထက်မြင့်တက်နေပြီး ကင်ဆာကဲ့သို့သော အရေးကြီးဆေးဝါးများကိုပင် စစ်ကောင်စီက တင်သွင်းခွင့်မပြုကြောင်းအထက်ပါကုမ္ပဏီပိုင်ရှင်ကပြောသည်။
“အမေက နာတာရှည်ရောဂါသည်မို့ ပုံမှန်ဆေးသောက်ရတာ။ အခုက ဈေးတွေတက်ပြီး ဝယ်မရလည်းဖြစ်နေတယ်”ဟုရန်ကုန်မြို့ခံတစ်ဦးကပြောသည်။
ရန်ကုန်မြို့ ရှိပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သာပင်လုံဆေးရုံကလည်း လတ်တလော အခြေအနေများကြောင့် ဆေးရုံတက်လူနာများ ဆေးလုံလောက်စွာရရှိစေရန်အတွက် ပြင်ပလူနာများကို ၂ ပတ်စာသာ ဆေးဝါးများရောင်းချပေးမည်ဟုမကြာသေးခင်ကထုတ်ပြန်ထားသည်။
လက်ရှိတွင် ဆေးဂိုထောင်အများသည်လည်း အရောင်းပိတ်ထားပြီးလက်ရှိဒေါ်လာဈေးအရဆေးဝါးဈေးနှုန်းများထပ်မံမြင့်တက်နိုင်ကြောင်းဆေးဝါးလုပ်ငန်းရှင်များကပြောသည်။
