စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ကျေးရွာများအား ဖျက်ဆီးနေသော စစ်ကောင်စီတပ်အား နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးကြောင်း Myaung Special People’ Defense Force-MSPDF က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင် ၁၅ရက် နံနက်၈နာရီခန့်က ပရိမ္မကျေး ရွာတွင် အကြမ်းဖက်ဝင်ရောက်ဖျက်ဆီးမွှေနောက်၍ ထွက်ခွာလာသော စစ်ကောင်စီတပ်သားများကို ပရိမ္မကျေးရွာနှင့် မြစံကျေးရွာကြားသို့ ရောက်ရှိလာခဲ့သည်။
ထိုနှစ်ရွာကြား အရောက်တွင် အသင့်ချထားသော ခြေလျင်ကုန်းကြောင်းဖျက်မိုင်းများဖြင့် စစ်ကိုင်းခရိုင်တပ်ရင်း အမှတ်(၄)- MSPDFက ဦးဆောင်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ နောက်ချန်တပ်သား သုံးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု MSPDF၏ ထုတ်ပြန်ချက်တွင်ဖော် ပြသည်။
ဇူလိုင်လ ၁၆ရက်ကလည်း ဇရပ်ကုန်းကျေးရွာတွင် အကြမ်းဖက် ဝင်ရောက်စီးနင်းပြီး ထွက်ခွာလာသော စစ်ကောင်စီတပ်သားများအား ညီနောင်မဟာမိတ်များနှင့်လိုက်လံ၍ စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးမှာ နေရာတွင်လဲကျသေဆုံးသွားကြောင်း MSPDFက အသိပေးသည်။
ထိုစစ်ဆင်ရေးများတွင် စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၄)-MSPDF နှင့်အတူ Natogyi Regional Defence Force-NRDF၊ Burmese Guerrilla Force-BGF၊ ဓာတ်ကြီးလေးပါး-Four Elementes၊ စည်တော်ကြီးဒေသ ကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့၊ Thway Thauk Revolution Force၊ တောင်သာ PDF၊ Chaung U People Defence Force-CHU PDF၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၁)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃) စသည့် မဟာမိတ်ညီနောင်များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အထက်ပါဖြစ်စဥ်နှင့် ပတ်သက်၍ MSPDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေ အနေနှင့် ပတ်သက်ပြီးထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
