အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပခုက္ကူမြို့ အရှေ့ဘုန်းကန်ရွာရှိ စစ်ကောင်စီစစ်ဆေးရေး ဂိတ်အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်လေးဖွဲ့က ယနေ့ညနေပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
အရှေ့ဘုန်းကန်ရွာမှ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ရေစကြိုမြို့အခြေစိုက် Southern (Yso)၊ မြိုင်မြို့အခြေစိုက်သံမဏိသိမ်းငှက် (မြိုင်)နှင့် ပခုက္ကူမြို့ အခြေစိုက်Ranger (PKU)၊Young Force (UG)၊Rso (pku)တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ကျော်ကြာမြင့်ခဲ့ပြီး Auto Gun၊ 40 MM၊ Sniper တို့ကို အသုံးပြုကာ နေရာခွဲ၍ တပြိုင်နက်တိုက်ခိုက်ခဲ့သည်ဟု Young Force (UG)က ထုတ်ပြန်ထားသည်။
“ဘယ်ကောင် သေရဲလဲ မေးတဲ့ကောင်တွေ ခေါင်းတောင် မဖော်ရဲပါဘူး။နောက်မှ (စကစ) စစ်ကူနှစ်စီးရောက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ရပါသည်” ဟု Young Force (UG)က ထုတ်ပြန်သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Young Force (UG)အဖွဲ့တာဝန်ရှိသူက “အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် တိုက်ပွဲဖော်ဆောင်ခဲ့တာပါ။ စစ်ဆေးရေး ဂိတ်နားထိ ရသလောက်ကပ်ပြီး ပစ်ခတ်ခဲ့တာပါ။ မိနစ် ၂၀ ကျော် ထိတွေ့မှု ဖြစ်ခဲ့တယ်။ ထိခိုက် ကျဆုံးတာ မသိရသေးဘူး။ စစ်ကူလာလို့ ပြန်ဆုတ်လာရတယ်။ ရဲဘော်တစ်ယောက်တော့ လက်ထိလိုက်သွားတယ် မစိုးရိမ်ရတော့ပါဘူး။ စစ်တပ်က ပခုက္ကူကနေအထွက် ဘုန်းကန်ရွာမှာ ယာယီတပ်စွဲထားတာပါ။”ဟု ပြောသည်။
လူနာတင်ယာဥ်များ တိုက်ပွဲဖြစ်ရာနေရာသို့ ထွက်ခွာသွားပြီးပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်နှင့် နီးရာနေရာများအား ရှောင်ရှားကြရန် Young Force (UG)က မေတ္တာရပ်ခံသည်။
စစ်ကောင်စီဘက်က အထိအခိုက်ကို မသိရသော်လည်း လူနာတင်ယာဥ်များ တိုက်ပွဲဖြစ်ရာနေရာသို့ ထွက်ခွာသွားသည်ဟု ဆက်လက်ထုတ် ပြန်ထားသည်။ ယနေ့တိုက်ပွဲတွင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး အသေးစား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ယနေ့ တိုက်ပွဲသည် ညနေ ၄နာရီ ၅ မိနစ်ခန့်က စတင်ခဲ့ပြီး ၄နာရီ ၂၅မိနစ် ခန့်တွင် ပစ်ခတ်သံများရပ်တန့်သွားကြောင်း ဒေသခံများက ပြောသည်။ ယနေ့ညတွင် ပခုက္ကူဆေးရုံအတွင် စစ်ကောင်စီတပ်ဖွဲ့ ခြေရှုပ်နေသည်ကို တွေ့ရသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။
