●စစ်ကောင်စီကိုထောင်ထားသောမိုင်းကွင်းအနီးသံတိုသံစလာဝယ်သူများသတိပေးချက်ဂရုမပြုဘဲလာသဖြင့်ကြိမ်ဒဏ်ပေးခြင်းဟုPDFများနှင့်နီးစပ်သူပြော
●စစ်အာဏာရှင်ကိုတော်လှန်နေသူများကိုယ်တိုင်အာဏာရှင်မဖြစ်ရန်၊ ပြည်သူကိုအထင်မသေဘဲ စောင့်ရှောက်ပေးကြရန်ပြည်သူများတိုက်တွန်း
စစ်ကိုင်းတိုင်းအတွင်း တစ်နေရာ၌ အရပ်ဝတ်လက်နက်ကိုင်များက အမျိုးသမီးများကို တင်ပါးကိုတုတ်ဖြင့်သုံးချက်စီရိုက်နှက်ဒဏ်ပေးနေသည့်ရုပ်သံဖိုင် ဖေစ်ဘွခ်လူမှုကွန်ယက်ပေါ်တွင်ပျံ့နှံခဲ့ပြီးနောက် တုတ်ဖြင့်ရိုက်သူအပေါ် ပြည်သူများက ဝေဖန်ပြစ်တင်မှုမြင့်တက်လျက်ရှိသည်။
ရုပ်သံဖိုင်တွင် အရပ်ဝတ်လက်နက်ကိုင်အဖွဲ့မှလူငယ်အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ယောက်ချင်းစီအား အမည်နေရပ်လိပ်စာပြောခိုင်းကာတုတ်ဖြင့်တင်ပါးကိုတစ်ဦးလျှင်သုံးချက်စီရိုက်ကာ ဒဏ်ပေးနေခြင်းဖြစ်သည်။
မည်သည့်နေရာဒေသတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ကို ရုပ်သံဖိုင်တွင် မြင်တွေ့ရခြင်းမရှိပါ။PDF အဖွဲ့တစ်ဖွဲ့က ပြုလုပ်သည်ဟု စွပ်စွဲမှုများလည်း ရှိနေပြီး ဝက်လက်နယ်ဟုပြောဆိုနေကြသည့်အတွက် ဝက်လက်နယ်PDFအဖွဲ့များထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့နယ်တွင် မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့ကြသည်။
PDFအဖွဲ့ကသာ ပြုလုပ်သည်ဆိုလျှင် အာဏာရှင်စနစ်ကိုတိုက်ထုတ်နေကြသူများကိုယ်တိုင်က အကြမ်းဖက်စစ်ကောင်စီပုံစံအတိုင်း လိုက်မလုပ်သင့်ကြောင်း ဝေဖန်ခဲ့ကြသည်။
“သဘောပေါက်အောင် အေးဆေးပြောလည်း ရပါတယ်။အာဏာရှင်ကို တိုက်ဖျက်နေတာ အာဏာရှင် မဆန်ကြပါနဲ့။ ရန်သူအပေါ် ကျားပမာပြည်သူ အပေါ် သိုးပမာ ကျင့်ကြံကြပါ။ပြည်သူ့ မေတ္တာရမှ အောင်မြင်မှာပါ။”ဟု ပြည်သူတစ်ဦးက အကြံပြုသည်။
“အာဏာရှင်ကိုတော်လှန်ရင်း ကိုယ်ကိုတိုင်အာဏာရှင်ဆန်လာရင် အာဏာရှင်ပေါက်စတွေပေါ်လာတာကို လက်ခံလိုက်ကြရင် ဒီမိုကရေစီနဲ့လူသားအခွင့်အရေးအတွက်အသက်ပေးခဲ့တဲ့သူရဲကောင်းတွေကို သတိရပေးကြပါ။ကျေးဇူးပြုပြီး အာဏာရှင်ပေါက်စတွေထပ်ပြီးမမွေးထုတ်ကြပါနဲ့တော့။”ဟု အခြားပြည်သူတစ်ဦးက ပြောသည်။
ထိုရုပ်သံမှတ်တမ်းပါ ဖြစ်စဥ်သည် လွန်ခဲ့သော သုံးလခန့်က ခင်ဦးမြို့နယ် ကုလားလူးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ လမ်းပိတ်ထားချိန် ရွှေဘိုနယ် သက်သာပန်းတောင်းက သံတိုသံစလာဝယ်သူများသည် မိုင်းကွင်းကို နားမထောင်ဘဲ ဖြတ်သန်းလာ၍ ရိုက်ကာဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်နီးစပ်သူကပြောသည်။
“ပြဿနာအမှန်က ထိုသို့ မီးရှို့ခံရတဲ့ ရွာတွေဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က စခတွေနောက်တစ်ကြိမ်ပြန်လာနိုင်တာမို့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆွဲမိုင်းတွေ ဆင်ထားကြတာမို့ အခြားရွာသူရွာသားတွေကို အဲ့ဘက်ကို မလာကြဖို့ ထုတ်ပြန်ကြေညာထားပါသေးတယ်။ ဒါကို မသိပဲလား သိသိလျက်နဲ့ပဲလားတော့မသိ၊ အခုလိုလာရောက်ကြလို့ ကြိမ်ဒဏ်နဲ့ပဲ အပြစ်ပေးပြီး ပြန်လွှတ်ပေးခဲ့ခြင်းပါ။ ဆွဲမိုင်းတစ်ခုခုက လုပ်ရတာလည်း မလွယ်သလို၊ ကုန်ကျစရိတ်ကလည်း အရမ်းများတယ်ဆိုတာ စာဖတ်သူတို့ သိရှိပြီးသားဖြစ်ပါလိမ့်မယ်။ ထိုဆွဲမိုင်းနဲ့ထောင်ခါမှ စခတွေမထိဘဲ ကိုယ်ပြည်သူတွေထိမှာစိုးလို့ ကိုယ်တွေရဲ့ pdf တွေက နောင်ကျဥ်သွားအောင် ပြုမှုပေးတဲ့ သဘောရိုးပဲရှိပါတယ်။”ဟု AMT ဆိုသူက လူမှုကွန်ရက်တွင် ရေးသားထားသည်။
မြေပြင်အခြေအနေမှာကြမ်းတမ်းအန္တရာယ်များပြီး ၊စစ်ကောင်စီမိုင်းထောင်ထားသောမိုင်းကွင်းကို ပြည်သူများကသတိပေးထားလျှက်ဖြတ်သန်းလာ၍ အန္တရာယ်များပြီးမိုင်းများပျက်စီးဆုံးရှုံးမှုများ၍ PDF များက ထိုသို့ဒဏ်ခပ်သည်မှာသင့်တော်ကြောင်းပြည်သူအချို့က ဖေစ်ဘွခ်တွင်မှတ်ချက်ရေးသားပြောသော်လည်း ပြည်သူအများစုကမူ ထိုသို့လုပ်ရန်မသင့်ဘဲ နှုတ်ဖြင့်ပြောသတိပေးသည်နှင့်လုံလောက်ကြောင်းမှတ်ချက်ပြုရေးသားကြသည်။ထိုအပြင် PDF အများစုသည် ဒေသအများစုတွင် ပြည်သူများကိုကူညီကာကွယ်ပေးကြသောဖြစ်ရပ်နှင့် ဓါတ်ပုံ၊ရုပ်သံ အများစုကိုသာပြည်သူများမြင်တွေဖူးကြပြီး ယခုဖြစ်စဥ်တွင် စိတ်လိုက်မာန်ပါစွာဖြင့်တုတ်ဖြင့်ရိုက်နေသည်ကို မြင်တွေ့သောအခါပြည်သူအများစုအံအားသင့်သွားကြသည်။
ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေဘိုခရိုင်အတွင်းရှိ PDFအဖွဲ့များကတစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးပါ။
CDM ဗိုလ်ကြီးတစ်ဦဖြစ်သော ညီသုတကလည်း”ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက်ရေးတာပါ။
စစ်သားက စိတ်ကြီးဝင်လို့မရဘူး။ ကယ်တင်ရှင်စိတ်ဝင်လို့လည်းမရဘူး။ ကောင်းတာလုပ်နေတာမလို့ စစ်သားတွေစီမံသမျှကို ပြည်သူတွေကနာခံရမယ်။ စစ်သားက ပြည်သူကို အပြစ်ပေးခွင့်ရှိတယ်ဆိုတာမျိုးက လွဲမှားတဲ့အယူအဆပဲ။ စေတနာအရင်းခံလုပ်ပေမယ့် ပြည်သူကို အထင်မသေးမိပါစေနဲ့” ဟုယနေ့(ဇူလိုင် ၁၉ )တွင်ရေးသားအကြံပြုသည်။
အာဏာသိမ်းစစ်ကောင်စီကိုအာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံ့လာကာ နွေဦးတော်လှန်ရေးအောင်မြင်စေရန်ကူညီနေသော ညီသုတက “လူ့သဘာဝကိုက လွဲမှားတတ်တာမလို့ ထိန်းကျောင်းကြဖို့လိုအပ်ပါတယ်။စစ်ကောင်စီကစစ်သားတွေဟာ ပြည်သူထက်ပိုသာတယ်လို့ တွေးကြတယ်။ ပြည်သူဟာ အသိဉာဏ်နည်းတယ်လို့ ထင်ကြတယ်။ ဒီတော့ သူတို့မှာစီမံခွင့်ရှိတယ်လို့ ယူဆလာကြတာပါပဲ။စစ်ကောင်စီစစ်သားတွေရဲ့ အမှားကို အတုယူနိုင်ကြဖို့ တိုက်တွန်းအပ်ပါတယ်”ဟုတိုက်တွန်းသည်။
