ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် အင်အား ၃၀၀ကျော်ရှိ စစ်ကောင်စီတပ် သည် စစ်ကြောင်းသုံးခုဖြင့် စစ်ရေးလှုပ်ရှားနေပြီး ပလက်၀ ချင်းကာကွယ်ရေး တပ်(CDF) တပ်ရင်း(၁) ရှိရာသို့ ဦးတည်နေကြောင်း ပလက်၀ CDFက အသိပေးသည်။
စစ်ကောင်စီတပ်သည် ဆမီးချောင်းတလျှောက် ကျေးရွာများဖြစ်သော ဝါဒိန်၊ဆောင်ဝရွာများအနီး ယာယီတပ်ချထားကြောင်း၊ ပလက်၀ CDFတပ်ရှိရာသို့ ဦးတည်လာ၍ မကြာမီ ထိတွေ့မှု ရှိနိုင်ကြောင်း ပလက်၀ CDFက ယနေ့(ဇူလိုင် ၁၈ရက်)တွင် ထုတ်ပြန်သည်။
“လောလောဆယ်တော့ ထိတွေ့မှုတော့ မရှိသေးဘူးလို့ပြောရမယ်။ သူတို့ ဘက်က CDF ဘက်က နေရာချထားတဲ့နေရာကို လာပြီးမှ ထိုးစစ်ဆင်မယ့် အနေအထားပေါ့။ သို့ပေမယ့် ဒီဘက်ကလည်း အသင့်အနေအထားတော့ ရှိနေတာပေါ့”ဟု ပလက်၀ CDFနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
မည်သည့်အချိန်တွင်တိုက်ပွဲဖြစ်ပွားမည်ကို မပြောနိုင်သော်လည်း CDFတပ်များရှိရာသို့ ဆက်တိုး လာပါက တိုက်ပွဲဖြစ်လာမည်ဟု ၎င်းက ဆိုသည်။
“ထိတွေ့မှုက ရှိလာနိုင်တာမို့လို့ အဓိကတော့ CDF ပလက်၀ ဆိုတာ အင်အား ကောင်းသေး တာလည်းမဟုတ်ဘူး။ တည်ဆောက်နေတုန်းပဲ ဖြစ်နေသေးတော့ ဒီအပေါ်မှာ အားလုံး CDF ပလက်၀ကို နည်းနည်း ဝိုင်းရံပေးကြပါအုံး။ ဝိုင်းရံပေးဖို့ဆိုတာ ငွေအားနဲ့ ဖြစ်ဖြစ် ဆုတောင်းခြင်းနဲ့ ဖြစ်ဖြစ် ဝိုင်းရံပေးကြပါအုံးလို့ ဒေသခံတစ်ဦးအနေနဲ့ ပြောလိုပါတယ်”ဟု ပလက်၀ ဒေသခံက ပြောသည်။
တိုက်ပွဲများဖြစ်ပွားလာနိုင်၍ ဒေသတွင်းရှိ ကျေးရွာများကိုလည်း အသိပေထား ကြောင်း ပလက်၀ CDFက ထုတ်ပြန်ထားသည်။
