မိုးဗြဲမြို့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင် စီတပ်၏ လက်နက်ကြီးပစ်ကူများကြောင့် ဒေသခံပြည်သူများ၏ နေအိမ်အချို့မီးလောင်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။
ယနေ့(ဇူလိုင် ၁၈ ရက်)နံနက် ၂နာရီကတည်းက မိုးဗြဲမြို့၊ မားသားဝေါလ်အနီး၊ ကားရေဆေးစင်နှင့် ဘုရားကျောင်းတစ်နေရာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်က လှုပ်ရှားမှုရှိနေသည်ဟု မိုးဗြဲ PDF က ဆိုသည်။

“မနက် ၅ နာရီလောက်ကတည်းက နှစ်ဖက်ထိတွေ့မှုက ဖြစ်နေတာ။ကျန်တဲ့ တိကျတဲ့သတင်း အချက်အလက်ကိုတော့ လက်ရှိ အခြေအနေအရ ပြောဖို့ခက်တယ်”ဟု Mobye Rescue Team တာဝန်ရှိသူက People’s Springသို့ ရှင်းပြသည်။
နံနက် ၇နာရီခွဲအထိ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ကူများ ကြောင့် နေအိမ်တချို့လက်နက်ကြီး ထိမှန်မီးလောင်ပျက်စီးနေသည်ဟု ၎င်းက အသိပေးသည်။

ထို့ကြောင့် မြို့အတွင်းရှိသော ပြည်သူလူထုများအနေဖြင့် အတတ်နိုင်ဆုံး ရှောင်နေပေးရန်နှင့် မြို့တွင်းသွားလာခြင်းများမပြုလုပ်ကြရန်လည်း သတိပေးသည်။
ထို့အပြင် ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းတွင် မိုးဗြဲ မြို့နှင့်ကပ်လျက် ရှိနေသည့် ဖယ်ခုံမြို့တွင်ပါ တိုက်ပွဲ ပြင်းထန်သည်ကို ကြားသိရကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။
