အိန္ဒိယအစိုးရသည် မြန်မာစစ်တပ်ကို စစ်လက်နက်ရောင်းချခြင်း ပိတ်ပင်သည့် ပြဌာန်းချက်တစ်ရပ်ကို ချက်ချင်း ချမှတ်ပြဌာန်းပေးရန် Justice For Myanmar က တောင်းဆိုလိုက်သည်။
အိန္ဒိယကုမ္ပဏီ Sandeep Metalcraft Private Limited က မြန်မာစစ်တပ်ကို စနက်တံတွေ ထောက်ပံ့နေပြီး မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများမြောက်နိုင်သည့် စစ်တပ်၏ တိုက်ခိုက်မှုများကို တိုက်ရိုက်ပံ့ပိုးကူညီနေ ခြင်းဖြစ်သည်ဟု JFM က ဆိုသည်။
“စစ်တပ်ကို အိန္ဒိယက စနက်တံတွေ ပံ့ပိုးပေးတာဟာ ခွင့်လွှတ်နိုင်စရာအကြောင်းမရှိပါဘူး” ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

ဆက်လက်ပြီး “ဒီမိုကရေစီတိုင်းပြည်တစ်ခု၊ ဒါ့အပြင် မြန်မာ့အိမ်နီးချင်းတစ်ရပ်လည်းဖြစ်တဲ့ အိန္ဒိယအစိုးရအနေနဲ့ စစ်ရာဇဝတ်ကောင်တွေ၊ တရားမဝင်စစ်ကောင်စီတွေနဲ့ မရပ်တည်ဘဲ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာစစ်တပ်နှင့်လုပ်ဆောင်နေသော အထက်ပါအိန္ဒိယကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းအကြောင်းကို Justice For Myanmar က စုံစမ်းထောက်လှမ်းလေ့လာဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
Panjiva ကုန်သွယ်ရေးဒေတာဘေ့စ်မှ ကုန်သွယ်ရေးမှတ်တမ်းများအရ Sandeep Metalcraft ကုမ္ပဏီ၏ လတ်တလောနောက်ဆုံး ကုန်ပစ္စည်းတင်ပို့မှုမှာ ၂၀၂၂ မတ်လ ၂၅ ရက်တွင်ဖြစ်ပြီး စနက်တံ ၃၀၀၀ ပါဝင်သည်ဟု ဆိုသည်။
ယင်းမတိုင်မီကလည်း ၂၀၁၉ တွင် စနက်တံ ၅ ခု၊ ၂၀၂၀ တွင် စနက်တံ ၁၀၀၀ တင်ပို့မှုများရှိခဲ့ သည်ဟု JFM က ထုတ်ပြန်သည်။
ယင်းစနက်တံများကို မြန်မာပုဂ္ဂလိက စစ်လက်နက်တင်သွင်းသူ Creative Exploration Ltd ဆီကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး အဆိုပါကုမ္ပဏီ၏ ယခင်အမည်မှာ mySpace International ဖြစ်သည် ဟုဆိုသည်။
Creative Exploration ကုမ္ပဏီကို တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဆင်း အရာရှိဟောင်း ဒေါက်တာကျော်ကျော်ထွန်းနှင့် ၎င်း၏ ဇနီး ဇာဖြူတင်စိုးတို့က ပိုင်ဆိုင်ခြင်းဖြစ်ပြီး ဇာဖြူတင်စိုးသည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဖြစ်ခဲ့သူ၊ စစ်အရာရှိဟောင်းတစ်ဦး၏ သမီးဖြစ် သည်ဟု JFM က ဖော်ပြသည်။
ထို့အပြင် Sandeep Metalcraft ကုမ္ပဏီက မြန်မာစစ်တပ်သို့ အထက်ပါစစ်လက်နက်များတင်ပို့မှုတွင် ဆွီဒင်နည်းပညာများပါဝင်ခြင်းရှိ၊ မရှိကိုလည်း စုံစမ်းစစ်ဆေးရန် JFM က တောင်းဆိုသည်။
အင်အားကြီးလေးနိုင်ငံအဖွဲ့ QUAD အဖွဲ့ဝင်များဖြစ်သည့် ဩစတြေးလျ၊ ဂျပန်နှင့် အမေရိကန် တို့အနေဖြင့်လည်း မြန်မာစစ်တပ်ထံ အိန္ဒိယမှ စစ်လက်နက်များ စီးဆင်းခြင်းကို ၎င်းတို့၏ လွှမ်းမိုးနိုင်စွမ်း ဩဇာကို အသုံးပြုကာ ရပ်တန့်စေအောင်လုပ်ဆောင်ရမည်ဟု တိုက်တွန်းသည်။
