မန္တလေးမြို့က အိန္ဒိယကောင်စစ်ဝန်ရုံးရှေ့ စစ်ကောင်စီလုံခြုံရေးကင်း နဲ့ အောင်မြေသာစံမြို့နယ် တရားရုံး ရှေ့ တပ်စွဲထားတဲ့ စစ်ကောင်စီလုံခြုံရေးအဖွဲ့ကို ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ မန္တလေးအခြေစိုက် မြို့ပြပြောက်ကြားအဖွဲ့ ၃ ဖွဲ့က ထုတ်ပြန်အသိပေးပါတယ်။
မနေ့က ညပိုင်း ၈ နာရီလောက်မှာ အိန္ဒိယကောင်စစ်ဝန်ရုံးရှေ့လုံခြုံရေးယူထားတဲ့ စစ်ကောင်စီဂိတ်ကို ဗုံးနဲ့တိုက်ခိုက်ရာ ရဲလေးဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အောင်မြေသာစံမြို့နယ် တရားရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကိုလည်း ည၈နာရီခန့်ဗုံးထုတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၂ ဦးထိခိုက်ပြီးသေဆုံးနိုင်ခြေရှိတယ်လို့ မန္တလေးအခြေစိုက် မြို့ပြပြောက်ကြားအဖွဲ့ ၃ ဖွဲ့ကထုတ်ပြန်ထားပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်တွေကို ကို မန္တလေးနန်းတွင်းကိုသယ်ဆောင်ပြီး စစ်ကောင်စီဘက်ကဆေးကုပေးနေတယ်လို့သတင်းတွေထွက်နေပါတယ်။
ဗုံးနဲ့ထုခံရတဲ့အတွက် စစ်အုပ်စုဘက်က ပြန်ပစ်ခတ်ပေမယ့် မြို့ပြပြောက်ကြားအဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။
မနေ့က ညပိုင်း တိုက်ခိုက်မှုကို Mother Son Mandalay Force၊ Myanmar Revolution Ranger force နဲ့ Kings Cobra Guerilla Force- MDY စတဲ့ မဟာမိတ်သုံးဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအစောင့်ဂိတ်တဲကိုလည်း မနေ့ကညပိုင်းမှာ ဗုံးပစ်ခံရပြီး ပစ်ခတ်တာတွေရှိခဲ့ပေမယ့် မည်သည့်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
