မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းကျောက်ခွက်ကျေးရွာအနီးရှိဒေသခံပြည်သူများ၏တစ်ပိုင်တစ်နိုင်ရေနံကျင်းများကိုစစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ရာ ရေနံကျင်းတစ်ရာဝန်းကျင်ပျက်စီးခဲ့ပြီးတန်ဖိုးကျပ်သိန်းခြောက်ထောင်ဝန်းကျင်ဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင် ၇ ရက်က မြိုင်နယ်တောင်ပိုင်းမှ စစ်ကြောင်းထိုးလာကာ ကျောက်ခွက်ရွာကို ရောက်ရှိလာပြီးနောက် တပ်စွဲခဲ့ကြောင်း၊ ထို့နောက် ကျောက်ခွက်ရွာအနီးရှိ ဒေသခံများ၏ ရေနံကျင်းများကို လိုက်လံမီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ထိုအပြင် နေအိမ် ၇ လုံး မီးလောင်ပြာကျတာပြီးတန်ဖိုး သိန်း တစ်ထောင်ဝန်းကျင်ခန့်ဆုံးရှုံးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ရေနံတွင်းများ မီးရှို့ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ We Love Myaing အဖွဲ့ တာဝန်ရှိသူက “ရေနံကျင်းက(၁၀၀) ဝန်းကျင်၊ အိမ်က ၇ လုံး။ ရေနံကျင်းတစ်ကျင်းကို သိန်း ၆၀ လောက်တန်တယ်လို့ ဒေသခံတစ်ယောက်ကပြောပြလို့သိရတယ်။ အိမ် ၇ လုံးက ကာလတန်ကြေးသိန်းတစ်ထောင်ဆိုတာက အနည်းဆုံးပဲ။ ဒီကောင်တွေ ရွာကနေ ၁၁ရက်နေ့ မနက်ပိုင်းက ထွက်သွားတာလို့ ပြောတယ်”ဟု ပြောသည်။
ကျောက်ခွက်ရွာသည် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်တွင်ရှိပြီး ရွာပတ်ပတ်လည်တွင်ရေနံကျင်းများတူး၍လုပ်ကိုင်နေသောရွာဖြစ်သည်။

“မြိုင်ကို စစ်ကြောင်းလေးကြောင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာ။ အဓိက ဒေသခံတွေ တစ်ပိုင်တစ်နိုင်လုပ်နေတဲ့ ရေနံတွင်းတွေကို စစ်ကောင်စီတပ်က မီးလိုက်ရှို့နေတာ”ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်းပြောသည်။
မြိုင်နယ်တွင် ရွာပေါင်း ၃၃၀ရှိသည့်အနက် အကြမ်းဖက် စစ်ကောင်စီကို မထောက်ခံသည့်ရွာ အများဆုံးဖြစ်ကြောင်း၊ မြိုင်မို့နယ်တွင်တော်လှန်ရေးအားကောင်းသည့်အတွက် ၎င်းတို့အား မထောက်ခံသူများကို PDF ထောက်ပံ့သူဟု မတရားစွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်ခြင်း၊ပြည်သူပိုင်ပစ္စည်းများနှင့် ရွာများကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ပြီး အကြောက်တရားပေးနေခြင်းဖြစ်ကြောင်း မြိုင်နယ်တော်လှန်ရေးအဖွဲ့များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင်လဆန်းတွင် မြိုင်နယ်အတွင်း၌ စစ်ကြောင်းထိုး အကြမ်းဖက်မှုများ ပြုလုပ်နေပြီး ဒေသတွင်း PDF များနှင့်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။
