●ပြည်ပအကြွေးမဆပ်ကြသေးရန်ညွန်ကြားမှုမျိုးယခင်မကြုံဖူးဟု လုပ်ငန်းရှင်များပြော၊ ၁၉၈၈နောက်ပိုင်းပထမဆုံးဖြစ်
ပြည်တွင်းနေပြည်သူများ၏ပြည်ပကြွေးမြီများကိုလတ်တလောပြန်လည်ပေးဆပ်ခြင်းမပြုဘဲ ဆိုင်းငံ့ထားရမည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဇူလိုင် ၁၃ ရက် ရက်စွဲဖြင့် ယနေ့ထုတ်ပြန်လိုက်သည်။
ပြည်တွင်း၌ နေထိုင်သူများက ပြည်ပမှ ငွေသားဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေရယူထားသည့်ပြည်ပကြွေးမြီများ၏အတိုးနှင့်အရင်းများကို ပြန်လည်ပေးဆပ်ခြင်းကို လတ်တလော ဆောင်ရွက်ခြင်းမပြုရဟု စစ်ကောင်စီက ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။
ထိုသို့ဆိုင်းငံ့ရန် ဘဏ်များအနေဖြင့် ပြန်လည်ပေးဆပ်ရမည့်အစီအစဉ်ကို အကြွေးရှင်များဖြစ်သည့် ပြည်ပကုမ္ပဏီနှင့်အဖွဲ့အစည်းများကို ညှိနှိုင်းဆောင်ရွက်ပေးရမည်ဟုလည်း စစ်ကောင်စီကဆိုသည်။

ထိုအပြင်လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကိုလည်း ထပ်ဆင့်အကြောင်းကြားပေးမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်ကဆိုထားသည်။
“ရှင်းရှင်းပြောရရင် ပြည်ပအကြွေးတွေကိုမဆပ်ခိုင်းတာပေါ့။ အစိုးရတော့မသိဘူး။ပုဂ္ဂလိကလုပ်ငန်းတွေကိုမဆပ်ခိုင်းတာ။ ဒါကကုမ္ပဏီတွေအတွက်ပြသာနာရှိတယ်”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် ပြည်တွင်း၌ ဒေါ်လာရှားပါးလာခြင်းကြောင့် ယခုလို ပုဂ္ဂလိက လုပ်ငန်းများကိုအကြွေးမဆပ်ရန်တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
ထိုလုပ်ရပ်သည် ပြည်တွင်းကုမ္ပဏီများကို ပြည်ပချေးငွေပေးသည့် ကုမ္ပဏီများက ကယုံကြည်မှုပျက်ယွင်းသွားနိုင်သည်ဟု ၎င်းကသုံးသပ်သည်။
ပုဂ္ဂလိကကို အကြွေးမဆပ်ရန် အစိုးရဟုအမည်ခံထားသောအဖွဲ့အစည်းကညွှန်ကြားသည်မျိုးယခင်က မကြုံဖူးကြောင်းလုပ်ငန်းရှင်အချို့ကပြောသည်။
ပြည်ပမြီရှင်များကို ပုဂ္ဂလိကပြည်တွင်းလုပ်ငန်းရှင်များက ကြွေးမြီမပေးဆပ်နိုင်ခြင်းသည် ၁၉၈၈နောက်ပိုင်းတွင်ပထမဦးဆုံးဖြစ်သည်။
မြန်မာသမိုင်းတွင် ပြည်ပကြွေးမြီများပြန်လည်မပေးဆပ်နိုင်တော့ကြောင့် ၁၉၈၇ခုနှစ်တွင် LDC(ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံ) အဖြစ် အာဏာရှင်ဟောင်းဗိုလ်ချုပ်နေဝင်းလက်ထက်တွင်သတ်မှတ်ခံခဲ့ဖူးသည်။
လက်ရှိကာလတွင်ပြည်တွင်း ပြင်ပဈေးကွက်တွင်ဒေါ်လာဈေးဆက်တိုက်တက်နေပြီး တစ်ဒေါ်လာကို ၂၂၀၀ကျပ်အထိ ပေါက်ဈေးရှိလာသည်။
