ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဟိန်းမင်း၏ မိဖများပိုင်ဆိုင်သော နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ယမန်နေ့(ဇွန် ၂၉ရက်)က ချိတ်ပိတ်ပြီးနောက် ယနေ့တွင် ဖျက်ဆီးသွားကြောင်း ဒေသခံများနှင့် ဦးအောင်ဟိန်းမင်းက ပြောသည်။
” မနေ့က ချိတ်ပိတ်ထားတဲ့ ကျွန်တော်တို့အိမ်ကို ဒီနေ့မှာ စစ်ကောင်စီက လူအင်အားအများအပြားနဲ့ ရိုက်ဖျက်နေကြတယ်လို့ သိရပါတယ်။ဒီလုပ်ရပ်ဟာ အဆင့်မရှိတဲ့ လူတန်းစားတစ်ရပ်ရဲ့ ယုတ်မာရမ်းကားမှုသပ်သပ်ပဲလို့ မှတ်ချက်ပြုချင်ပါတယ်”ဟု ဦးအောင်ဟိန်းမင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဖားကန့်ဒေသခံတစ်ဦးက”ဘယ်လိုခံယူချက်နဲ့များ ဖျက်ဆီးတာလဲ စဥ်းစားလို့တောင် မတတ်တော့ဘူးဗျာ။အိမ်ကိုဖျက်ဆီးနေတာများ ဘီလူးသရဲ စီးနေကြသလိုပဲ”ဟု ပြောသည်။
သစ်ဖြင့်ဆောက်လုပ်ထားပြီး သွပ်မိုးထားသည့် နေအိမ်ကို လုံးဝပျက်စီးအောင်ဖျက်ဆီးသွားခြင်းပြီး အိမ်တိုင်များကိုပါ လှဲဖြိုသွားသည်ကို တွေ့ရသည်။
“ရန်သူက ရန်သူ့အလုပ် လုပ်နေသလို ကျွန်တော်တို့ဘက်ကလည်း လုပ်စရာရှိတာ ဆက်လုပ်နေမှာပါပဲ။ ဆက်တော်လှန်နေမှာပဲ။ အိမ်ဆိုတာလောက်က ကျွန်တော်တို့ နိုင်ရင် ပြန်ရနိုင်တဲ့အရာပါ။အဆုံးအရှုံးများထားတဲ့ ကျွန်တော်တို့ ရဲဘော်၊ရဲဘက်တွေ ပြည်သူတွေနဲ့ ယှဉ်လိုက်ရင်ဘာမှ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အဆုံးထိသွားကြမယ်။ အရေးတော်ပုံကြီး အောင်မြင်တဲ့အထိ တော်လှန်ကြမယ်”ဟု ဦးအောင်ဟိန်းမင်းက ရေးသားထားသည်။
ဒီချုပ်ပါတီမှ ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းသည် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များအနက် အသက်အငယ်ဆုံးအမတ်ဖြစ်သည်။
