နွေဦးဂုရုလေးများပညာရေးစင်တာ၏ စစ်ရှောင်လူငယ်များအတွက် ပညာရေးအစီအစဥ်မှ အပတ်စဥ် (၂)သင် တန်းဆင်းပွဲကျင်းပခဲ့ကြောင်း ယနေ့(ဇူလိုင် ၁၄)တွင် ထုတ်ပြန်သည်။
အဆိုပါ အပတ်စဥ် (၂)သင်တန်းတွင် ဆယ်ကျော်သက်အရွယ် ကျောင်းသားကျောင်းသူ ၆၀ဦးပါဝင်ပြီး သင်တန်းကာလ နှစ်လနှင့် တစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
“Sel Kyae Phu Program Batch -2 သင်တန်းဆင်းပါပြီ။ ကျောင်းဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီကြပါသော ရပ်ရွာမှ ကျောင်းဖြစ်မြောက်ရေး ကော်မတီဝင်များ၊ သင်တန်းအတွက် စားရေးရိက္ခာ၊ သင်ထောက်ကူပစ္စည်းများနှင့် ပညာရပ်ဆိုင်ရာ ပံ့ပိုးကူညီကြသူများ၊ ဒေသမှ ဆရာ၊ ဆရာမ များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပံ့ပိုးကူညီကြသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါကြောင်း နွေဦးဂုရုလေးများ အဖွဲ့သားအားလုံးက ပြောကြားလိုပါတယ်”ဟု အသိပေးသည်။




သင်ကြားသည့်ဘာသာရပ်များအနက် ရပ်ရွာရှိကိစ္စရပ်များကို ကွင်းဆင်းလေ့လာရင်း Learning Skills များကိုလက်တွေ့အသုံးချ လေ့ကျင့်ခြင်း အစီအစဥ်တစ်ခုလည်းပါဝင်ပြီး အစီအစဥ်ကို အပတ်စဥ် တနဂ်နွေညနေပိုင်းတွင် လေ့လာရေးထွက်ကာ စစ်ရှောင်ပြည်သူများနေထိုင်ရာ ရပ်ရွာတာဝန် ရှိသူများနှင့်တွေ့ဆုံပြီး နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေး အခြေအနေများကို လေ့လာကြသည်ဟု ဆိုသည်။




ထို့အပြင် ပညာရေးစင်တာ၌ ကရင်နီဘာသာနှင့် အဂ်လိပ်ဘာသာများကို အဓိကာထားသင်ကြားပေးပြီး အနုပညာ၊ လက်မှုနှင့် အကတို့ကိုလည်း သင်ကြားပေးနေကြောင်း နွေဦးဂုရုလေးများပညာရေးစင်တာ တာဝန်ရှိသူများက ပြောကြားထားသည်။
ဆက်လက်သင်ကြားပေးမည့် သင်တန်းအပတ်စဥ် (၃) အတွက် လျှောက်လွှာများကို သြဂုတ်လဆန်းတွင် ပြန်လည်ခေါ်ယူမည်ဖြစ်ပြီး စက်တင်ဘာ ၁ရက်တွင် သင်တန်းပြန်လည်ဖွင့်လှစ်သွားမည်ဟု အသိပေးသည်။
