ကရင်နီဒေသ(ကယား)ရှိ စစ်ရှောင်ကလေးငယ်များအား ပညာသင်ကြားပေးနေသည့် နွေဦးဂုရုလေးများပညာရေးစင်တာသည် Learning Skills များကို လက်တွေ့အသုံးချ၍ သင်ကြားပေးနေကြောင်း အသိပေးထုတ်ပြန် သည်။
သင်ကြားသည့်ဘာသာရပ်များအနက် ရပ်ရွာရှိကိစ္စရပ်များကို ကွင်းဆင်းလေ့လာရင်း Learning Skills များကိုလက်တွေ့အသုံးချ လေ့ကျင့်ခြင်း အစီအစဥ်တစ်ခုလည်းပါဝင်ကြောင်း ဖော်ပြသည်။
“ရပ်ရွာပတ်ဝန်းကျင်ရှိသစ်တောပြုန်းတီးမှုနှင့် ရာသီဥတုဖောက်ပြန်ခြင်းအကြောင်းအရာကို ယခုသင်ကြားရေးအစီအစဥ်အတွက် ရွေးပါတယ်။ လက်တွေ့လုပ်ဆောင်ရင်း သင်ယူဖြစ်ကြတဲ့ Learning skills တွေကတော့ Presentation skill, Problem Tree နဲ့ Mind Mapping နည်းလမ်းတွေကို အသုံးပြုရင်း လေ့လာကြပါတယ်”ဟု နွေဦးဂုရုလေးများ ပညာရေးစင်တာက အသိပေးသည်။

ထိုသင်ကြားရေး အစီအစဥ်ကို အပတ်စဥ် တနဂ်နွေညနေပိုင်းတွင် လေ့လာရေးထွက်ရှိပြီး စစ်ရှောင်ပြည်သူများနေထိုင်ရာ ရပ်ရွာတာဝန် ရှိသူများနှင့်တွေ့ဆုံပြီး နေထိုင် စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေး အခြေအနေများကို လေ့လာကြသည်ဟု ဆိုသည်။
ကွင်းဆင်းပြီး နောက်တစ်ပတ် တနဂ်နွေ နံနက်ပိုင်းတွင်မူ ကျောင်းသူကျောင်းသားများ ဦးဆောင်ပြီးသစ်တောပြုန်းတီးမှုနှင့် ရာသီဥတုဖောက်ပြန်ခြင်း အကြောင်းအရာများကို ရွာသူ ရွာသားများနှင့် ဝိုင်းဖွဲ့ဆွေးနွေးခြင်း၊ ဂေဟစနစ်မပျက်အောင် သစ်တောအရင်းအမြစ်များကို စနစ်တကျသုံးဆွဲနိုင်မည့်နည်းလမ်းများ အပြန်အလှန်ဝေမျှခြင်း၊ ကွင်းဆင်းလေ့လာရေးနှင့် ဟောပြောပွဲအပြီး ကျောင်းသား၊ ကျောင်းသူများက ပြန်လည်သုံးသပ်ခြင်း၊ အဖွဲ့သားများနှင့် ပြန်လည်ဝေမျှ ဆွေးနွေးခြင်းများလုပ်ဆောင်စေကြောင်း ဖော်ပြသည်။


ထို့ကြောင့် လေ့လာသင်ယူမှုအတွက် အဖွဲ့ ၃ဖွဲ့ ထားပြီး တစ်ဖွဲ့လျှင်အယောက် ၂၀ဆီဖြင့် အပတ်စဥ်ကွင်းဆင်းနေရာတစ်ခုချင်းဆီအတွက် တစ်လှည့်ဆီလုပ်ဆောင်စေကြောင်းလည်း ဖော်ပြသည်။
“သင်ကြားရေးရည်ရွယ်ချက်ကတော့ ဆယ်ကျော်သက်အရွယ်လူငယ်များအတွက် လိုအပ်မည့်အခြေခံ Learning Skills များကို လက်တွေ့လုပ်ဆောင်ရင်း သင်ယူနိုင်ရန်နဲ့ ရပ်ရွာဒေသအကြောင်းလေ့လာသိရှိရပြီး ပြန်လည်ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု ဆိုသည်။


အထက်ပါနွေဦးဂုရုလေးများပညာရေးစင်တာတွင် စစ်ရှောင်စခန်းများမှ ပညာသင်ကြားလိုသော ၇တန်းမှ ၁၀ တန်းအထိကျောင်းသားကျောင်းသူ ၆၀ကျော်ကို အရည်ချင်းစစ်စာ မေးပွဲဖြေဆိုစေပြီး အရည်အချင်းအလိုက် တန်းခွဲများခွဲကာ သင်တန်းကာလ နှစ်လနှင့်တစ်ပတ်သတ်မှတ်သင်ကြားပေးနေခြင်းဖြစ်သည်။
