ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စစ်မြေပြင်ရှိ အထက်တန်းကျောင်း တစ်ကျောင်း၌ ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်အများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-LPDF)နှင့် ဒီးမော့ဆိုကျောင်းသားသမဂ္ဂတို့ ပူးပေါင်း၍ ယမန်နေ့က သွားရောက်ယူဆောင်နိုင်ခဲ့ကြောင်း DMO-LPDF က ယနေ့(ဇူလိုင် ၁၃)ထုတ်ပြန်သည်။
ထို့နောက် အဆိုပါစာအုပ်များကို ကျောင်း ၁၂ကျောင်းသို့ ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိနေသော စာအုပ်အများအပြားကို ကျောင်းသားသမဂ္ဂထံအပ်နှံထားကာ လိုအပ်သည့်ကျောင်းများသို့ ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီဖွင့်လှစ်နိုင်ခဲ့သည့် မြို့ပေါ်ကျောင်း ၁၀ ကျောင်းသာ ရှိခဲ့ပြီး ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီမှ မည်သည့်ကျောင်းမျှ ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိသေးကြောင်း DMO-LPDF က ဆိုသည်။

ဒီးမော့ဆိုမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာန လမ်းညွှန်မှုအောက်ရှိ ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး အထက်တန်းကျောင်း ၂၀ကျော်၊ စေတနာဝန်ထမ်း ဆရာ၊ မ ၂,၀၀၀ ကျော်နှင့် ကျောင်းသူ၊ကျောင်းသား ၄၀,၀၀၀ ကျော်ကို သင်ကြားပေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို၏ ဖော်ပြချက်အရ သိရသည်။
