စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF)စခန်းတစ်ခုအား လာရောက်ဖျက်ဆီးသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ရာ နှစ်ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ယမ်းဘီလူးပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်သည်။
ဇူလိုင် ၉ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်များသည် ဘုတလင်မြို့နယ်၊ ရှမ်းတဲရွာအနီးရှိ ယမ်းဘီလူးအဖွဲ့၏ စခန်းဟောင်းအား မီးရှို့ဖျက်ဆီးရာ PDFက တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ယမ်းဘီလူးပြောက်ကျားအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့နောက် နှောယင်းရွာဦးအလွန်တွင် မြို့နယ်(ပကဖ) အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားရခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှူအခြေအနေ မသိရသေးကြောင်း ယမ်းဘီလူးပြောက်ကျားအဖွဲ့က ဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်သည် မြို့သစ်ချောင်း၊ ရွာစီကုန်းရွာဘက်များသို့ စစ်ကြောင်းနင်းရာ ပြည်သူအချို့ အားသတ်ဖြတ်၍အချို့အား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ယမ်းဘီလူးပြောက်ကျားအဖွဲ့က ဆိုသည်။
ဘုတလင် local PDF အဖွဲ့များက အသွားအပြန် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ယအဝေးပစ်များဖြင့်တိုက်ခိုက်ခြင်းတို့ကြောင့် အကြမ်းဖက်စစ်တပ်ဘက်က အထိအခိုက်အကျဆုံးများနိုင်သည်ဟု ယမ်းဘီလူးအဖွဲ့က ခန့်မှန်းသည်။

စစ်ကောင်စီတပ်သည် စစ်ကြောင်းအပြန်တွင်လည်း ယမ်းဘီလူးထုတ်လုပ်ရေးစခန်းအား မီးရှို့ဖျက်ဆီးရာ စစ်ကောင်စီတပ်ဘက်က ကျဆုံးမှုရှိသည်ဟု ဆိုသည်။
အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ယမ်းဘီလူးပြောက် ကျားအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဘုတလင်မြို့တွင် အကြမ်းဖက်စစ်တပ်သည် ကျေးရွာများအား လိုက်လံဖျက်ဆီးမှုများပြုလုပ်နေပြီး ကနီနီနယ်နှင့် ဆက်နေသည့် ကျေးရွာများအား အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။
