ချင်းပြည်နယ် မတူပီမြို့နယ်တွင် ချင်းဒေသကာကွယ်ရေးတပ်(CDF)ပါဝင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် ယနေ့မနက်က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မ သေဆုံးထိခိုက်ပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု မတူပီ CDFက ထုတ်ပြန်သည်။
မတူပီမြို့နယ် လိုင်လင်းပီမြို့မှ မတူပီသို့ ခြေလျင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မတူပီ CDFသည် ယမန်နေ့က ၂ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
ယနေ့ (ဇူလိုင် ၇ရက်) နံနက် ၆နာရီခန့်တွင် မတူပီမြို့နယ် အမ်မိလိုင်း ရွာ ၌ စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA) ၊ မတူပီ CDF၊ CDF-Zotung ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး ၆ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း မတူပီ CDFက အသိပေးထားသည်။
စစ်ကောင်စီတပ်သည် ဇွန်လ ၂၈ရက်တွင် လိုင်လင်းပီမြို့မှ ထွက်ခွာလာခြင်းဖြစ်သည်။ တိုက်ပွဲအနီးရှိ ကျေးရွာအချို့မှ ပြည်သူလူထု နေအိမ်အချို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု မတူပီ CDFက ထုတ်ပြန်ထားသည်။
