ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့မရဲစခန်းဟောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က သေနတ် ပစ် ခတ်တိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။
ပင်းတယမြို့တွင် မြို့မရဲစခန်းအသစ်နှင့် အဟောင်းနှစ်ခုရှိပြီး အဟောင်းကို ပစ်ခတ်သွားခြင်းဖြစ်သည်။
“ဒီညနေ ၄နာရီ ခွဲလောက်က ပစ်သွားတာ။ ထိခိုက်မှုရှိ၊မရှိတော့ မသိရသေးဘူး။ စခန်းကတော့ မြို့နယ်မှူးရော ရဲတွေပါနေတဲ့ လိုင်းခန်းပဲ”ဟု ပင်းတယမြို့ခံတစ်ဦးကပြောသည်။

ပင်းတယမြို့မ ရဲစခန်းဟောင်းတွင် အချုပ်သားအချို့ထားရှိပြီး ရဲဝန်ထမ်းအိမ်ယာလည်း ရှိနေသည်။ ယနေ့ နံနက်က ပင်းတယ – ရွာငံလမ်းတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတင်းကြပ်ထားသည့်ကြားထဲမှ တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ယနေ့နံနက်ပိုင်း ပင်းတယ – ရွာငံလမ်းကြားတိုက်ခိုက်မှုသည် ဓနုဒေသဦးစီးဥက္ကဌ ဦးအာကာလင်းကို ဦးတည်တိုက်ခိုက်ခြင်း ဖြစ်သည်။ ဦးအာကာလင်းသည် စစ်ကောင်စီတပ်ယာဥ်တန်းနှင့်အတူ လိုက်ပါလာခဲ့သော် လည်း လွတ်မြောက်သွားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့နှင့် ရွာငံပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ညနေပိုင်းက ပင်းတယမြို့မ ရဲစခန်းဟောင်းအား တိုက်ခိုက်သည့်အဖွဲ့ကို မသိရသေးပေ။
