▪️ရဲနှင့်ထွေအုပ်အပါအဝင် NON-CDMဝန်ထမ်းများစစ်ကောင်စီလက်အောက်မှ ရုန်းထွက်ရန် ထပ်မံ သတိပေး
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မ ရဲစခန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရိပ်သာတို့အား RPGနှင့် (၇၉)မမ လက်နက်အသုံးပြုပြီး သတိပေးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (PDF)တပ်ရင်း – ၂က ထုတ်ပြန်သည်။
ယနေ့ (ဇူလိုင် ၁၀ရက်) နေ့လည် ၁၂နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသေဆုံးမှု အခြေအနေကို ဖော်ပြမထားပေ။

ရဲနှင့်ထွေအုပ်အပါအဝင် NON-CDMဝန်ထမ်းများသည် ယနေ့တိုင် စစ်ကောင်စီကို သစ္စာခံ၍ ပြည်သူအပေါ်သစ္စာစောင့်သိမှုမရှိ၍ သတိပေးပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ NON-CDM ဝန်ထမ်းအများစုသည် ဖယ်ခုံမြို့ တွင်အခြေချနေထိုင်သူများနှင့် ဒေသခံများဖြစ် ကြောင်း၊ မိမိတို့၏ ရေမြေတွင်နေထိုင်ပြီး ဒေသလူထုအကျိုးကိုရှေးရှု့ရန်နှင့် စစ်ကောင်စီယန္တရားလည်ပတ်မှုကိုအထောက်အကူမပြုရန် ဖယ်ခုံ PDFက ထုတ်ပြန်သည်။
စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးထွက်ခွာကြရန် ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ၊တပ်ရင်း (၂) ထပ်မံသတိပေးလိုက်ကြောင်းလည်း ဖော်ပြထားသည်။
