စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် ယနေ့နံနက်ပိုင်းက ပျူစောထီးအဖွဲ့ ကင်းလှည့်ချိန် တိုက်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ရာ ပျူ နှစ်ဦးသေဆုံးကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်က ဖော်ပြသည်။
ယနေ့ (ဇူလိုင် ၉ရက်) နံနက် ၇နာရီခွဲခန့်တွင် မင်းကင်းမြို့နယ် တောင်လက်ဒေသ၊ အထက်စသာဘက်သို့ ပျူ ခုနစ်ဦးကင်းလှည့်လာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်မိုင်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးသည်။
ထိုအချိန်တွင် MKPDF-2 ၊ တပ်ခွဲ(၂)မှ ကင်းသမားရဲဘော်က အဆက်မပြတ်ပစ်ခတ်ခဲ့ရာ ပျူ နှစ်ဦး သေဆုံးပြီး ၎င်းတို့အဖွဲ့ဘက်က ပြန်လည်မပစ်ခတ်နိုင်ဘဲ ထွက်ပြေးသွားကြသည်ဟု ဆိုသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယမန်နေ့ (ဇူလိုင်လ ၈ရက်)ကလည်း မင်းကင်းမြို့နယ် တောင်လက်ဒေသရှိ အရှေ့ကူလဲရွာမှပျူများနှင့်အကြမ်းဖက်စစ်ကောင်စီတပ်များသည် အထက်စသာရွာ ဘက်သို့စစ်ကြောင်းထိုးလာရာ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၂)၊ တပ်ခွဲ(၂)တို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးခဲ့သည်။
မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် ဇွန်လ ၂၉ရက်နေ့မှ စတင်ထိတွေ့မှုများ ဖြစ်ပွားနေပြီး ယနေ့အထိ စစ်ရေးတင်းမာမှုဆက်လက်ဖြစ်ပွားနေကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးထားသည်။
