ပူးပေါင်းတပ်ဖွဲ့မှ ၁၇ဦး ကျဆုံးပြီး ၂၈ ဦး ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း၌ ဇွန်လအတွင်း တိုက်ပွဲ ၃၆၅ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
KNU နယ်မြေများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုး အသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပူးပေါင်းတပ်ဖွဲ့ များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF)တို့ အကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ခဲ့သည်ဟုဆိုသည်။
တိုက်ပွဲကြီး တိုက်ပွဲငယ် စုစုပေါင်း ၃၆၅ ကြိမ်အနက်စစ်ကောင်စီ နှင့် BGF တပ်များဘက်က ၄၁၀ ဦး သေဆုံးပြီး ၃၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။
KNLA/KNDO နှင့် ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း ၁၇ ဦး ကျဆုံးခဲ့ပြီး ၂၈ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
ဇွန်လကုန်ပိုင်းတွင် KNU တပ်မဟာ(၆)နယ်မြေ ဥကရစ်ထ ဒေသ၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ဇွန်လ ၂၇ရက်မှ ၃၀ရက်အထိ ၄ရက်တာကာလအတွင်း စစ်ကောင်စီတပ်က ဥကရစ်ထ ဒေသတိုက်ပွဲသို့ လေကြောင်း ပစ်ကူ (၉၄) ကြိမ်ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီ၏ ဥကရစ်ထ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ပူးပေါင်းအဖွဲ့က ဇွန်လ၂၆ရက်မှစ၍ တိုက်ခိုက်ခဲ့ရာ ဇူလိုင်လဆန်းအထိ တစ်ပတ်ခန့်ကြာသည်အထိ နေ့စဉ် တိုက်ပွဲပြင်းထန်ခဲ့သည်။
