ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ဥက္ကဌသမီးမင်္ဂလာဆောင်တက်ရောက်ပြီး ပြန်လာသည့် သရုပ်ဆောင်သင်ဇာဝင့်ကျော်အား အကြမ်းဖက်စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်တစ်ခုက ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။
သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ဇူလိုင်လ ၄ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ ဥက္ကဌသမီးမင်္ဂလာညစာစားပွဲသို့ SSA စစ်ဝတ်စုံဖြင့် တက်ရောက်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံခဲ့သည်။
သရုပ်ဆောင်သင်ဇာဝင့်ကျော်သည် SSPP/SSA အဖွဲ့၏ ဖိတ်ကြားမှုဖြင့် ဟိုက်ပါ ရေတံခွန်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေး အတွက် Documentary ရိုက်ကူးရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၃ ရက်နေ့တွင် စတင်ရိုက်ကူးခဲ့ပြီး ရိုက်ကူးရေးအပြန်တွင် ရိုက်ကူးရေး ဝတ်စုံဖြင့်သာ မင်္ဂလာညစာစားပွဲကို အချိန်မှီတက်ရောက် ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံကျော်မင်းသမီးသင်ဇာဝင့်ကျော်သည် တခြားမည်သည့်နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ရိုက်ကူးခြင်းမဟုတ်ဘဲ သာသနာရေး၊ ပညာရေး၊ ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေး စသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရိုက်ကူးရန်အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော်မှကမ်းလှမ်း
ရိုက်ကူးနေခြင်းဖြစ်ကြောင်း SSPP Info က ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ရိုက်ကူးရေးများပြီးစီး၍ ယနေ့ဇူလိုင်လ၆ရက်နံနက်ခင်းပိုင်းတွင် ဝမ်ဟိုင်းမြို့မှအထွက် မိုင်းရယ်ဂိတ်တွင် သင်ဇာဝင့်ကျော်လိုက်ပါလာသည့်ကားအား အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်ကတားဆီးစစ်ဆေးပြီး ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီနှင့် SSPP ဘက်ကပါ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပါ။SSPP သည် အာဏာသိမ်စစ်ခေါင်းဆောင်က ဖိတ်ခေါ်သော ဆွေးနွေးပွဲသို့တက်ရောက်ရန် စာရင်းပေးထားသောအဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည်။
