အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝန်းသိုအခြေစိုက် ခမရ(၁၁၁)တပ်မှ တပ်ကြပ်ကြီးထွန်းလင်းသည်
ကောလင်းမြို့ ငပွေးကြီးရပ်ကွက်ရှိ နေအိမ်သို့ ခွင့်ဖြင့်ပြန်လာစဥ် ယမန်နေ့(ဇွန် ၂၂ ရက်)က ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။
၎င်း၏နေအိမ်တွင် ကောလင်းမြို့နယ်(ပကဖ)ရဲဘော်များက ဝင်ရောက်ဖမ်းဆီးစဉ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်၍ ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် ၅ချက် ပစ်ခတ်ခဲ့ရကြောင်း အသိပေးသည်။
“ဝင်ရှင်းတော့ အဲဒီအိမ်မှာ ထွန်းလင်းရဲ့ မိခင်နဲ့သားဖြစ်သူပါရှိတယ်။သူတို့ကိုတော့ လက်ဖျားနဲ့တောင် မထိခဲ့ဘူးလို့ သိရတယ်”ဟု ကောလင်းမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့်နီးစပ်သူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်ကြပ်ကြီး ထွန်းလင်းထံမှ ၅ ဒသမ ၅၆ ကျည် ၁၇ တောင့်၊ ဓားရှည် ၁ ချောင်း ၊ ဓားမြှောင် ၂ ချောင်း၊ လက်လုပ်ပစ္စတို (အပျက်)၁ လက် ၊ လက်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့သည်။
