ကော်သူးလေအုပ်ချုပ်မှု နယ်မြေထဲမှာ မေလအတွင်း စစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ KNLA KNDO ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း (၄၀၀)ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနဲ့ BGF ဘက်က (၃၀၃)ဦး သေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF)တို့အကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မေလတလတာအတွင်းမှာ ကေအဲန်ယူနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၄၄၈)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၃၀၃)ဦးသေဆုံးကာ (၂၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းတပ်ဖွဲဘက်ကတော့ ခုနှစ်ဦးကျဆုံးခဲ့ပြီး (၂၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူခြောက်ဦးသေဆုံးခဲ့ပြီး (၂၁)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာဖြစ်ပါတယ်။
