စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းတွင်စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့၍ကျေးရွာ ၆ရွာထက်မနည်းမှပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာလိုအပ်မှုများရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည်ဇူလိုင်လ ၂ရက် ညနေ ၄ နာရီဝန်းကျင်က ဒီပဲယင်းမြို့နယ် အနောက်ခြမ်းဆပ်ပြာကျင်းဘုတ်ရွာတစ်ဝိုက်ကို MI35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့်လာရောက်ပစ်ခတ်ခဲ့သည်။

ယမန်နေ့(ဇူလိုင်လ၄ရက်)တွင်လည်းဒီပဲယင်းမြို့နယ်အနောက်ခြမ်းကို ရဟတ်ယာဥ်ဖြင့် အကြမ်းဖက်စစ်သားအချို့ လာရောက်ချသွားပြီး ကျေးရွာများမှ ပြည်သူများဘေးလွတ်ရာတိမ်းရှောင်နေရကြောင်းဒေသခံများကပြောသည်။
“စစ်ရှောင်များအတွက် အဓိကလိုအပ်တာက စားနပ်ရိက္ခာဖြစ်ပါတယ်။ လက်ရှိသိရသလောက် လမ်းကြောင်းဦးတည်မယ်ထင်တဲ့ ကျေးရွာ ၆ ရွာ အနည်းဆုံး တိမ်းရှောင်နေရပါတယ်။ အခုလည်း စစ်ရှောင်ပြည်သူတွေ လက်ခံထားတဲ့ကျေးရွာများနဲ့ ချိတ်ဆက်နေပါတယ်။အခက်အခဲရှိတာနဲ့
တတ်နိုင်သလောက်ကူညီဖို့ပြင်ဆင်နေပါတယ်။”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။




ထို့အပြင် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများအနက် အိမ်ပေါင်း ၁၈၈ အိမ် ကူညီရန်ကျန်နေပြီး ပြည်သူများ၏ ကူညီလှူဒါန်းငွေများ စုဆောင်းကာဆက်လက် ကူညီမည်ဟုအထက်ပါတာဝန်ရှိသူကဆက်ပြောသည်။
အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၁၄ ရက်နေ့က လည်း ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာအားဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီးအိမ်ပေါင်း ၈၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။
