စစ်ကိုင်းတိုင်း၊ အရာတော်-မုံရွာကားလမ်းပေါ်တွင်စစ်ကောင်စီတပ်များ ခြေရှုပ်နေ၍ သွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များကယနေ့(ဇူလိုင်လ၃ရက်)နံနက်တွင် သတိပေးသည်။
အကြမ်းဖက်စစ်တပ်သည် ပုံစံအမျိုးမျိုးဖျက်ကာ သွားလာခြေရှုပ်နေသောကြောင့် ခွဲခြားရခက်ပါသဖြင့် သွားလာခြင်းမပြုကြရန် ပြည်သူများအား မေတ္တာရပ်ခံသတိပေးကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က သတိပေးကြေညာသည်။
မသင်္ကာသည့်ကားများအားဖောက်ခွဲမှုပြုလုပ်သွားမည်ဖြစ်ပြီးရောက်ရှိနေသောမိတ်ဆွေများရှိပါကဖုန်းဆက်အကြောင်းကြားပေးကြပါရန်လည်းသပြေညိုပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံသည်။
ပြန်လည်အသုံးပြုနိုင်မည့်အချိန်ကို ထပ်မံကြေညာပေးမည်ဟုအသိပေးသည်။
အထက်ပါလမ်းပိုင်း ယာယီပိတ်သိမ်းခြင်းအား သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing PDF – A.B.N PDF၊ Ayadaw Falcon Force၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့၊AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့၊ Danger Force LPDFစသည့် မဟာမိတ်အဖွဲ့များက တားမြစ်ထားခြင်းဖြစ်သည်။
ယနေ့နံနက်ပိုင်းမှစ၍ အရာတော်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့များသည် ကားဖြင့်တစ်ဖွဲ့၊ ထနောင်းဝင်း – ဗောဓိလမ်းခွဲမှ အရှေ့သို့ အင်အား(၃၀)ခန့်ပါ စစ်ကောင်စီခြေလျင်တပ်ဖွဲ့တစ်ဖွဲ့ နှစ်နေရာခွဲ၍ အရာတော် – မုံရွာလမ်းပေါ်တွင် ရောက်ရှိနေကြောင်း သိရသည်။
အရာတော်မြို့မှ နံနက် ၄ နာရီခွဲခန့်က ကားဖြင့်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့များသည် အရာတော် – မုံရွာလမ်းပေါ်ရှိ ကမ်းပြူကျေးရွာမှ အနောက်သို့ ခြေလျင်ဖြန့်ဆင်းနေကြောင်း အရာတော်ပို့စ်က ဖော်ပြသည်။
ထနောင်းဝင်း – ဗောဓိလမ်းခွဲမှ စစ်ကောင်စီတပ်ဖွဲ့များသည် နံနက် ၇ နာရီကျော်ခန့်တွင် ကျောက္ကာကျေးရွာအနီးသို့ ရောက်ရှိနေပြီး လမ်းဘေးခြုံထူရာသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်နေခဲ့သည်ဟု အရာတော်ပို့စ်က ရေးသားထားသည်။
