“အောင်မင်္ဂလာစစ်ဆင်ရေး”အဖြစ် ရန်ကုန်မြို့ သာကေတမြို့နယ် ရေတပ်ဝန်းဂိတ်နှင့် ဒေါပုံမြို့နယ်ရှိ ဘန်ကာတစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF) က ထုတ်ပြန်သည်။
ယနေ့(ဇွန် ၂၄ ရက်) နေ့လည် ၁၂ နာရီ ၂၅ မိနစ်တွင် ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်၌ အသစ်ဆောက်လုပ်ထားသည့် ဘန်ကာကို ကနဦး ဖောက်ခွဲခဲ့သည်ဟု ဆိုသည်။
ထို့နောက် သာကေတမြို့နယ် ရေတပ်ဝန်းဂိတ်ကို နေ့လည် ၁၂ နာရီ ခွဲခန့်တွင် ထပ်မံဖောက်ခွဲခဲ့ ကြောင်း ဖော်ပြထားသည်။
တိုက်ခိုက်မှု ဖြစ်စဥ်နှစ်ခုစလုံးသည် ရန်ကုန်မြို့ပြပြောက်ကျားတော်လှန်ရေးအင်အားစု ၁၄ဖွဲ့ပူးပေါင်းထားသော Yangon UG Association (YUA)အဖွဲ့၏ တိုက်ခိုက်မှုတစ်စိတ်တစ်ဒေသ ဖြစ်သည်ဟုလည်း အသိပေးသည်။
တိုက်ခိုက်မှုတွင် စစ်ကောင်စီနှင့်ပတ်သက်သည့် လူ၊ပစ္စည်းထိခိုက်မှုကို GHF က သီးခြားအတည်မပြုသေးပေ။
သို့သော်ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ယနေ့ နေ့လည်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်းလည်း စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်မှတဆင့် ဖြန့်ဝေထားသည်။
