ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေအတွင်း နယ်ကျွံဝင်လာသည့် စစ်ကောင်စီယာဥ်တစ်စီးကို တိုက်ခိုက်ရာ အဆိုပါယာဥ်ပေါ်ပါလာသူ ငါးဦးစလုံးသေဆုံးကာ လက်နက်၊ကျည်နှင့် ရိက္ခာအချို့ သိမ်းဆည်းရမိကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ထုတ်ပြန်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မှ တပ်ဖွဲ့ဝင်များသည် KNU/KNLA တပ်မဟာ (၅)၊ ဖာပွန်မြို့အနီး ရှေ့တန်းတစ်နေရာ၌ မိုင်းထောင်၊ကင်းပတ်နေစဥ် ယမန်နေ့(ဇူလိုင် ၁ရက်) နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မောင်းနှင်လာသည့် ကားငယ်တစ်စီး နယ်ကျွံဝင်လာသည့်အတွက် မိနစ် ၂၀ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အဆိုပါယာဥ်မှာ ပျက်စီးသွားပြီး ယာဥ်ပေါ်ပါ ရန်သူ ငါးဦးစလုံး သေဆုံးကာ (၄၀) မမ – ၁ လက်၊ AK – ၂ လက်၊ M4 carbine – ၁ လက်၊ G3 – ၁ လက်၊ လက်ပစ်ဗုံး – ၃ လုံး၊ ကျည်နှင့် ရိက္ခာအနည်းငယ်တို့ကို သိမ်းဆည်းရရှိထားကြောင်း အသိပေးသည်။
အင်တာနက်အခက်အခဲကြောင့် ဓာတ်ပုံများမရရှိနိုင်သေးပါသဖြင့် ဓာတ်ပုံများရရှိပါက ထပ်မံဖော်ပြပေးသွားမည်ဟု BPLA ကဖော်ပြသည်။
