ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၅ နယ်မြေ ဖာပွန်မြို့အနီးမှာ ဇူလိုင် ၁ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ KNLA BPLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ BPLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မနေ့ ဇူလိုင် ၁ ရက် မနက် ၁၁ နာရီခန့်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) က တပ်ဖွဲ့ဝင်တွေဟာ ဖာပွန်မြို့အနီး ရှေ့တန်းတစ်နေရာမှာ မိုင်းထောင် ကင်းပတ်နေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မောင်းနှင်လာတဲ့ ကားငယ်တစ်စီးနယ်ကျွံဝင်လာတဲ့အတွက် မိနစ်(၂၀)ခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်စဉ်အပြီးမှာ စစ်ကောင်စီရဲ့ကားဟာ ပျက်စီးသွားခဲ့ပြီး ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးလုံး သေဆုံးခဲ့ကာ ၄၀ မမ – ၁ လက်၊ AK – ၂ လက်၊ M4 carbine – ၁ လက်၊ G3 – ၁ လက်၊ လက်ပစ်ဗုံး – ၃ လုံး၊ ကျည်နဲ့ ရိက္ခာအနည်းငယ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ BPLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
