စစ်ကောင်စီတပ်က ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာ နှစ်ရွာကို ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ နှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယနေ့ (ဇူလိုင် ၂ရက်) နံနက် ၁၁နာရီ ဝန်းကျင်၌ စစ်ကောင်စီတပ်က ဗုံးကြဲ လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။
“စာသင်ကျောင်း၊ ဘုရားကျောင်းတို့ကို အပြာရောင်ဂျက်လေယာဉ် ၂စီးဖြင့် လာရောက်ဗုံးကြဲသွားခြင်းဖြစ်သည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ယနေ့တွင် တိုက်ပွဲဖြစ်ပွားမှုရှိမရှိကို စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းက လက်နက် ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့၍ အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။
ထို့အပြင် ကရင်ပြည်နယ် မြ၀တီမြို့နယ် သေ့ဘော့ဘိုးကျေးရွာကိုလည်း စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထုများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။စစ်ကောင်စီတပ်သည် ယခင်ကလည်း စစ်ရှောင်စခန်းများ၊ လူနေထိုင်ရာ ကျေးရွာများ ၊ ဘုရားကျောင်းများစသည့် စစ်ရေးပစ်မှတ်မဟုတ်သည့် လူထုနေထိုင်ရာနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေ ကြောင်းမှ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့၍ ပြည်သူလူထုများသေဆုံးထိခိုက်မှုရှိခဲ့သည်။
