အမျိုးသားရေးအစွန်းရောက် မဘသနှင့် အကြမ်းဖက်စစ်တပ် ထောက်ခံရေးဆန္ဒပြပွဲများတွင် ဦးဆောင်သူ ဦးတင့်လွင်ဆိုသူကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်သွားကြောင်း မြောက်ဥက္ကလာပမြို့နယ်မှ ဒေသခံများက ပြောသည်။
ယနေ့(ဇူလိုင် ၁)နံနက် ၁၀ နာရီခွဲခန့်က မြောက်ဥက္ကလာ ပမြို့နယ် (က)ရပ်ကွက်၊ မေယု (၄)လမ်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားရေးအစည်းအရုံးဥက္ကဋ္ဌ ဦးတင့်လွင်ဆိုသူသည် လက်ဘက်ရည်ဆိုင်တစ်ဆိုင်၌ ရှိနေစဥ် သေနတ်ဖြင့်သုံးချက် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါပစ်ခတ်ခံရမှုကြောင့် အမျိုးသားရေးလှုပ်ရှားသူ ဦးတင့်လွင်(ခ)မှတ်ကြီး၏ ကျောကုန်းအပါအဝင်ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ သေနတ်ဒဏ်ရာရရှိခဲ့ရာ စစ်အုပ်စုမှ အရေးပေါ်ကားဖြင့်တင်ဆောင်၍ ဆေးရုံသို့ပို့လိုက်ကြောင်း ဒေသခံများက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များ အခင်းဖြစ်နေရာသို့ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အမည်မသိလက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်ရှင်းလင်းခြင်းခံရသော ဦးတင့်လွင်(ခ)မှတ်ကြီးကို အမျိုးသားရေးလှုပ်ရှားသူများအသိုင်းအဝိုင်း၌ ဓားတင့်လွင်ဟုလည်း ခေါ်ဝေါ်ကြသည်။
၎င်းသည် ရိုဟင်ဂျာကန့်ကွက်ရေး၊ အမျိူးသားရေးနှင့် စစ်တပ်ထောက်ခံရေး ဆန္ဒပြပွဲများတွင် ၎င်း၏ နာမည်ဖြင့် ခွင့်ပြုမိန့်တောင်းခံ ဦးဆောင်ဆန္ဒပြနေသူဖြစ်သည်။
