ချင်းပြည်နယ် မင်းတပ်မြို့၌ စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသန်းပစ်ခတ်၍ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မင်းတပ် CDFက သတင်းထုတ်ပြန်သည်။
မင်းတပ် အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၇၄)တပ်က ယနေ့(ဇွန်လ ၂၉ရက်) နံနက်ပိုင်းမှာ မင်းတပ်မြို့နယ် မဒပ်ရွာသို့ လက်နက်ကြီးများရမ်းသန်း ပစ်ခတ်ခဲ့ရာ အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရပြီး နံနက် ၁၁နာရီခွဲတွင် သေဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။ အဆိုပါ ကလေးငယ်သည် ယခင်က စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးထိ၍ ခြေထောက်ပြတ်ခဲ့ရသော ကလေး၏ အကိုဖြစ်သည်ဟု ဆိုသည်။
မင်းတပ်တွင် ယနေ့မနက်မှ စတင်ခဲ့သည့် မင်းတပ် CDFနှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲမှာ ယခုနေ့လည်ပိုင်းအထိ ပြင်းထန်နေဆဲဖြစ်ကြောင်း အသိပေးထား သည်။ တိုက်ပွဲ၌ ထိခိုက်ကျဆုံး အခြေအနေများကိုမူ ဖော်ပြမထားပေ။
စစ်ကောင်စီတပ်သည် ထီးလင်းမြို့နယ်မှတစ်ဆင့် မင်းတပ်မြို့နယ်သို့ ဝင်ရောက် စစ်ရေးလှုပ်ရှားစဉ် မင်းတပ် CDF ကင်းအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။
