စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အကြမ်းဖက် စစ်ကောင်စီက သတ်ဖြတ်ခဲ့သော ဒေသခံပြည်သူ ငါးဦး၏ (၁)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်း အနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယနေ့ (ဇူလိုင် ၁ ရက်) နေ့လည်ပိုင်း၌ ပြုလုပ်ခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၂၁ ဇွန်လ နှင့် ဇူလိုင်အတွင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ကလေးအခြေစိုက်တပ်ရင်း (၂၂၈) ၊ တပ်မ(၄၄)နှင့် တပ်မ(၉၉)တို့သည် ကနီနယ်အတွင်း စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့သည်။


ထိုသို့ ထိုးစစ်ဆင်းရင်း ၂၀၂၁ ဇွန်လ ၂၃ ရက်တွင် ကနီမြို့နယ် မှ ဆယ်တန်းကျောင်းသား ဇော်မင်းထွန်း(ခ) ကရင်ကြီး၊ ဦးသက်ရှည်၊ ကိုထွန်းရွှေ၊ ကိုဇေယျာထွန်း ၊ ကိုဆန်းမင်းနိုင် တို့ကို ကနဲ-ကနီ-ညောင်ကန်-သခွတ္တနယ်-ဘုတလင်လမ်း ရှစ်ခိုးထပ်ကွေ့အနီး၌ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ယနေ့တွင် ၎င်းအရပ်သားပြည်သူငါးဦး ကြွေလွင့်ခဲ့သည့် ရှစ်ခိုးထပ်ကွေ့အနီး၌ (၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဒေသခံပြည်သူများက ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနား၌ NUG ကာကွယ်ရေးအလံတော်အားအလေးပြုခြင်း ၊ ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးကြွေလွင့်သွားသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား အလေးပြုခြင်း ၊ အောက်မေ့အမှတ်ရသောအားဖြင့် (၈) စက္ကန့်ငြိမ်သက်အမှတ်ရခြင်း၊ နွေဦတော်လှန်ရေးသပိတ်အင်အားစု၏ နာယကဆရာတော်နှင့် ဦးဆောင်သူ ကိုပြည်အောင်နိုင် မှ အမှတ်တရအောက်မေ့စကားများ ၊ လူ့အခွင့်အရေး နှင့် စစ်ရာဇဝတ်မှုများ အကြောင်း ဟောပြောခဲ့သည်။

ထိုအပြင် စစ်ကောင်စီထွက်ပေါက်မှန်သမျှ ပိတ်ဆို့ကြ၊ စစ်ကောင်စီ ရွေးကောက်ပွဲ CDM ပြုလုပ်ရေး ဒို့အရေး၊ အကြမ်းဖက် လူသတ် စစ်ကောင်စီ အလိုမရှိ၊ လူ့အခွင့်အရေး၏ ရန်သူ စစ်ကောင်စီ အလိုမရှိ၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိဖို့ ပြည်သူအားလုံး ညီကြစို့ ၊ တော်လှန်ရေးကြီး မြန်မြန်ပြီးဖို့ ပြည်သူအားလုံး ပါဝင်စို့ ၊ ပျောက်ဆုံးသွားတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ အပြီးယူကြ၊ အရေးတော်ပုံအောင်ရမည် အောင်ကိုအောင်ရမည် စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အခမ်းအနား၌ ကြွေလွင့်သွားသော ပြည်သူများ၏ မိသားစုဝင်များ၊ တော်လှန်ရေး အင်အားစုများ ၊ ပြည်သူ ၅ဝဝကျော် တက်ရောက်ခဲ့ကြသည်။
