မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဇလပ်ကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ၎င်း၏ဇနီးနှင့် ပျူစောထီးတစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း 27 Revolution Forceအဖွဲ့က သတင်းထုတ်ပြန်သည်။
ဇွန်လ ၂၅ ရက်က မြင်းခြံမြို့နယ်၊ ဇလပ်ကုန်းကျေးရွာနေ အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဇနီးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း၊ ထို့အပြင် ဇလပ်ကုန်းကျေးရွာ ဒေသခံပြည်သူများအား အမြဲဒုက္ခပေးလျက်ရှိသော ၎င်းကျေးရွာနေ ပျူစောထီးတစ်ယောက်ကိုပါ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း 27 Revolution Force၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နောက်နောင်တွင်လည်း မြင်းခြံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများအား ထိရောက်စွာဆုံးမသွားမည်ဟု ထပ်မံသတိပေးသည်။

အဆိုပါရှင်းလင်းမှူအား 27 Revolution Force၊ Myaung Fighter၊ MDY PDF၊ ရေလယ်ကျွန်းတပ်ပေါင်းစုတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရဲဘော်များအထိအခိုက်မရှိဟု ဆိုသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ 27 Revolution Force အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
မြင်းခြံမြို့နယ်သည် နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်ကောင်စီအား ရရာလက်နက်ဖြင့် အစောဆုံးခုခံတော်လှန်တိုက်ခိုက်ခဲ့သည့် ဒေသတစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်တပ်၏ ဖိနှိပ်အကြမ်းဖက်မှုများ ခံနေရဆဲဖြစ်သည်။ယင်းဒေသတွင် ယနေ့အချိန်အထိ မိုဘိုင်းအင်တာနက်များလည်း ဖြတ်တောက်ခံထားရဆဲဖြစ်သည်။
