ကရင်ပြည်နယ် ဝေါ်လေမြို့အနီးက ဥကရစ်ထကျေးရွာမှာ KNLA KNDO ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကပါတိုက်နေတယ်လို့ ပူးပေါင်းတပ်ဖွဲ့နဲ့ တပ်မဟာ ၆ တာဝန်ရှိသူထံကနေ သိရပါတယ်။
“ဒီနေ့ကတော့ တစ်နေကုန် တိုက်ပွဲဖြစ်နေတယ်လို့ ကြားသိရတယ်။ တိုက်ပွဲတော့ ဆက်ဖြစ်နေတယ်” လို့ တပ်မဟာ ၆ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့အချိန်မှာ ဒီကနေ့ ဇွန် ၂၇ ရက်ညနေ ၄ နာရီအချိန်ခန့်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ပူးပေါင်းအဖွဲ့ဆီကနေ သိရပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ကော့တရီမြို့နယ် မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဥကရစ်ထတပ်စခန်းကို ဇွန် ၂၆ ရက်နေ့ကစပြီး KNLA KNDO ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
တိုက်ပွဲကြောင့် ဒေသခံပြည်သူလူထုအများအပြားဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခိုလှုံနေရတယ်လို့လည်း ကြားသိရပါသေးတယ်။
