နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်သံတမန်များကို ကူညီဆောင် ရွက်ပေးရန် NLDက ယနေ့ ထုတ်ပြန်သည်။
ပြည်သူလူထုယုံကြည်အားကိုးသည့် ခေါင်းဆောင်ဖြစ်၍ လည်းကောင်း၊ နိုင်ငံတကာမှလေးစားချစ်ခင်သည့် ခေါင်းဆောင်တစ်ဦးအနေဖြင့်လည်းကောင်း၊ တိုင်းပြည်အကျိုးကိုရှေ့ရှုသည့် ခေါင်းဆောင်ကောင်းဖြစ်သည့်နှင့်အညီ အမှီအခိုနှင့် နေထိုင်သင့်သော အသက်အရွယ်သို့ရောက်ရှိနေသော လူထုခေါင်းဆောင်ကို အချုပ်ထောင်တွင် ရင်ဆိုင်ကြုံတွေ့ နေရမည့်ဆုတ်ယုတ်ဆိုးဝါး သောအခြေအနေများမှ အမြန်ဆုံးပြန်လည်ရုတ်သိမ်းပေးရန် NLD ဗဟိုအလုပ်ကော်မတီက တောင်းဆိုသည်။


ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်အတွင်းသို့ စစ်ကောင်စီက ပို့ဆောင်လိုက်ခြင်းသည် မြန်မာ့သမိုင်းတွင်သာမက နိုင်ငံတကာမျက်နှာစာတွင် အမည်းစက်စွန်းထင်စေမည့် ဖြစ်ရပ်တခုအဖြစ် ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်ကြောင်းလည်း NLD က ထုတ်ပြန်သည်။
မတရားသည့်ဥပဒေများကို ရင်ဆိုင်နေရသော အသက် (၇၇)နှစ်အရွယ် နိုင်ငံ့ခေါင်းဆောင်ကို ယခုကဲ့သို့အချုပ် ထောင်တခုအတွင်း ပြောင်းရွေ့လိုက်သည့် မတရားလုပ်ရပ်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်း ဖော်ပြသည်။
