ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်(PDF)က မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင် အမှတ် – ၃၅၀၂ တပ်ရင်းမှ ရဲဘော်တစ်ဦးက ပြောသည်။
ဇွန်လ ၂၀ရက် နေ့လည်ပိုင်းက အင်အား ၈၀ကျော်ပါ စစ်ကောင်စီတပ်ကို ထန်းတပင်မြို့နယ် ရှားစေးဘိုရွာနှင့် တောင်ကြီးရွာကြား၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“တောင်ကြီးရွာဘက်က ဆင်းလာတဲ့ စစ်ကောင်စီကို မိုင်းဖြတ်ဆွဲတာ ၁၂ယောက်ထိတယ် ၈ယောက်သေးသွားတယ်။ ပြီးတော့ ဒီကောင်တွေ ခလရ(၇၃) စခန်းထဲကို ပြန်ဆုတ်သွားတယ်။ဖြစ်တာက ရှားစေးဘိုနဲ့ တောင်ကြီးကြားထဲမှာ” ဟု အမှတ် – ၃၅၀၂ တပ်ရင်းမှ ရဲဘော်က ပြောသည်။
စစ်ကောင်စီတပ်ဘက်က မိနစ်အနည်းငယ်ကြာ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ဟု ဆိုသည်။
“သူတို့ဘက်က လက်နက်ကြီး မော်တာတွေနဲ့ ပစ်တာရှိတယ် စက်သေနတ်နဲ့ပစ်တာရှိတယ်။ သူတို့ ပြန်ပစ်တာတော့ ၁၀မိနစ်လောက်ပဲကြာတယ်။ အဲဒါပစ်ပြီး သူတို့လူတွေ ပြန်သယ်ပြီး ဇရပ်ကြီးဆေးရုံ ပို့တာ။ အဲဒါ သေဆုံးသွားတာ ၈ယောက်လို့ သတင်းရတယ်” ဟု အမှတ် – ၃၅၀၂ တပ်ရင်းမှ ရဲဘော်က ပြောသည်။
KNLA/PDF ပူးပေါင်းတပ်အနေဖြင့် မကြာသေးမီကလည်း စစ်ကောင်စီတပ်၏ ခလရ (၇၃) တပ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်ဟု ဆိုသည်။
KNU တပ်မဟာ(၂)နယ်မြေသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လှုပ်ရှားမှုများ မကြာခဏ ပြုလုပ်လာ၍ တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာသည်ဟု ဆိုသည်။
