အကြမ်းဖက်စစ်ကောင်စီနဲ့အဆက်အဆံမလုပ်ဖို့ ရာနဲ့ချီတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်နေတဲ့ကြားထဲက မနက်ဖြန်မှာ စတင်ကျင်းပမယ့် အာဆီယံကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေး(ADMM) ကို စစ်ကောင်စီကာကွယ်ရေးဝန်ကြီး တက်ရောက်ဖို့ရှိနေပါတယ်။
ADMM အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ ဇွန်လ ၂၁ ရက်ကနေစပြီး ၂ ရက်ကြာကျင်းပမှာပါ။
အဲဒီအစည်းအဝေးကိုတက်ရောက်ဖို့ အာဆီယံ ၁၀ နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးတွေကိုဖိတ်ကြားထားတယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ် Nem Sowat ရဲ့ပြောကြားချက်ကို ခမာတိုင်းမ်က ဖောြ်ပပါတယ်။
“ဒီနှစ်ရဲ့အာဆီယံဥက္ကဋ္ဌ အနေနဲ့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးကိုဖိတ်ကြားဖို့ ကျွန်တော်တို့ပြောဆိုထားပြီဖြစ်ပါတယ်၊ဒီလိုဖိတ်ကြားဖို့အတွက်လည်း အဖွဲ့ဝင် ၈ နိုင်ငံဆီက သဘောတူညီချက်ရထားပါတယ်” လို့ ဗိုလ်ချုပ် Nem Sowat ပြောပါတယ်။
အာဆီယံ ကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ကိုမဖိတ် ဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ၆၀၀ ကျော်က ဇွန်လ ၁၅ ရက် ကြေညာချက်ထုတ်ပြီးတောင်းဆိုထားပါတယ်။
အဲဒီတောင်းဆိုချက်ထဲမှာစစ်ကောင်စီကို ကိုယ်စားပြုပြီးအစည်းအဝေးတက်မယ့် ဗိုလ်ချုပ်ကြီးမြထွန်းဦးဟာ စစ်ကောင်စီရဲ့ စီမံခန့်ခွဲရေးမှာအရေးပါတဲ့သူဖြစ်တဲ့အပြင် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ဒဏ်ခတ်အရေးယူထားသူဖြစ်တယ်ဆိုတာကိုထောက်ပြထားကြပါတယ်။
