ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ကျေးရွာများသို့ စစ်ကြောင်းထိုးစဥ် ရည်ရွယ်ချက်ရှိရှိချန်ထားခဲ့သည့် ဗုံးသီး ပေါက်ကွဲပြီး ခုနစ်နှစ်အရွယ်ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း PDF ဂန့်ဂေါက ယနေ့(ဇွန် ၂၀)ထုတ်ပြန်သည်။
ယမန်နေ့(ဇွန် ၁၉)ညနေ ၅နာရီခန့်က ကန်ရွာအနောက်ဘက် ကျောက်ဂူတောရ တောင်ဘက်တောတိုက်တစ်နေရာတွင် စစ်ကောင်စီစစ်ကြောင်းထိုးစဉ် ချန်ရစ်ခဲ့သော (၄၀)မမ ဗုံးသီးပေါက်ကွဲမှုကြောင့် မောင်ပြည့်စုံမောင်(၇ နှစ်) နှင့် မောင်မင်းထွဋ်ဇော်(၇ နှစ်)တို့ သေဆုံးခဲ့ကြောင်း ဖော်ပြသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ် စစ်ကြောင်းတစ်လျောက် တောတိုက်များအတွင်းနှင့် ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိချန်ထားခဲ့သည်ဖြစ်စေ၊ ကျန်ရစ်ခဲ့သည်ဖြစ်စေ ယင်းတို့ပစ်ခတ်စဉ် မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့သော ဗုံးသီးများနှင့် အန္တရာယ်ရှိသည့်ပစ္စည်းများအားတွေ့ရှိပါက ကိုင်တွယ်ခြင်းများမပြုလုပ်ကြရန် သတိပေးသည်။
ယင်းအပြင် ကလေးမိဘများအနေဖြင့် မိမိတို့၏ကလေးများအား ကိုင်တွယ်ကစားခြင်းများမပြုကြရန် အထူးမှာကြားထားရန်လိုအပ်ပြီး မြို့နယ်အတွင်းရှိ ကာကွယ် ရေးအဖွဲ့များသို့ချက်ချင်း အသိပေးအကြောင်းကြားပေးကြရန် သတိပေး ထုတ်ပြန်ထားသည်။
