နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာပြည်သူများကို မမေ့လျော့ရန် ပုပ်ရဟန်းမင်းကြီးက ယမန်နေ့တွင် တိုက်တွန်းလိုက်သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုများကို ခံစားနေရသည့် မြန်မာပြည်သူများကို လျစ်လျူရှုမထားရန် ပုပ်ရဟန်းမင်းကြီးက ပန်ကြားချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“အခြေခံလူသားချင်းစာနာမှုအကူအညီ ကင်းမဲ့နေဆဲ မြန်မာပြည်သူအများအပြားရဲ့ နာကျင်မှု ငိုကြွေးသံတွေကို ကျွန်ုပ်တို့ ကြားနေရဆဲပါ။ နောက်ပြီး မြန်မာပြည်သူတွေဟာ အကြမ်းဖက်မှုတွေက လွတ်မြောက်ဖို့နဲ့ နေအိမ်တွေကို မီးရှို့ခံနေရတာတွေကြောင့် အတင်းအကျပ်နေရပ်စွန့်ခွာနေရပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်က မိန့်ကြားသည်။
ယခုသီတင်းပတ် မြန်မာကတ်သလစ်ဘုန်းတော်ကြီးများအထွေထွေညီလာခံ နောက်ဆုံးထုတ်ပြန်ချက်တွင် ဆက်လက်ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်ဒဏ်ခံစားနေရသော မြန်မာအရပ်သားပြည်သူ များ၏ အကျပ်အတည်းကို လွန်စွာစိုးရိမ်ကြောင်း ဖော်ပြသည်။
ထို့အပြင် ဘက်အားလုံးအနေဖြင့် လူသားဘ၀နှင့် ဂုဏ်သိက္ခာကို လေးစားလိုက်နာရန် အထက်ပါဘုန်းတော်ကြီးများက တောင်းဆိုခဲ့သည်။
အသက်ရှင်သန်ခွင့်ကို လေးစားရန်နှင့် ဘာသရေးဝတ်ပြုနေရာများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို အလေးအမြတ်ထားရန် ကတ်သလစ်ဘုန်းတော်ကြီးများကအခိုင်မမာတောင်းဆိုသည်။
