စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးသူငယ် ၅ သန်းအပါအဝင်မြန်မာပြည်သူ ၁၄.၄ သန်းခန့်သည် လူသားချင်းစာနာမှုအကူအညီလိုအပ်နေကြောင်းUNICEFကထုတ်ပြန်သည်။
နိုင်ငံရေးအကျပ်အတည်းအပါအဝင်ပဋိပက္ခနှင့်အကြမ်းဖက်မှုမြင့်တက်လာမှု၊ ဖြစ်ပွားနေဆဲ COVID-19 ကပ်ရောဂါ၊ သဘာ၀ဘေး၊ ဆင်းရဲမွဲတေမှုမြင့်တက်လာခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှု များပြိုလဲခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံတွင် မကြုံစဖူး လူသားချင်းစာနာမှုနှင့် လူ့အခွင့် အရေးအကျပ်အတည်း တွေ့ကြုံနေရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အဆိုပါ ဆက်စပ်ဘေးအန္တရာယ်များကနိုင်ငံတဝန်းရှိကလေးငယ်များအသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးမှုနှင့်သုခချမ်းသာတို့ကို ခြိမ်းခြောက်နေပြီး ရိုဟင်ဂျာများ လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန် ရေးအတွက် ရခိုင်ပြည်နယ်ရှိအခြေအနေများကိုပိုမိုဆိုးရွားစေကြောင်း UNICEF ကသုံးသပ်သည်။
မြန်မာနိုင်ငံရှိ ကလေးသူငယ် ၁ သန်းသည် ကူးစက်နိုင်သော ရောဂါကာကွယ်ဆေး ထိုးနှံရခြင်းမရှိသေးဘဲ ၂၀၂၁ နှစ်ဆန်းမှစတင်ကာ ကလေးငယ် ၃ သန်းသည် ဘေးကင်းသောရေထောက်ပံ့မှု မရရှိသေးပေ။
ထို့အပြင် ကလေးသူငယ် ၁၂ သန်းကျော်သည် တစ်နှစ်ကျော်ကြာစနစ်တကျပညာရေးဝန်ဆောင်မှုများကိုသင်ယူခွင့်မရရှိခဲ့ပေ။
UNICEF ၏ လူသားချင်းစာနာမှုဆိုင်ရာ မဟာဗျူဟာသည် အသက်ကယ်ရေးလူသားချင်းစာနာမှု အကူအညီပေးရေး၊ အရေးကြီးသောဝန်ဆောင်မှုများ အဆက်မပြတ်ရေးနှင့် ဒေသတွင်းစွမ်းရည် အားကောင်းရန် ရေရှည်ဖြေရှင်းမှုမြှင့်တင်ရန်တို့ကို အလေးပေးဆောင်ရွက်နေသည်ဟု ဆိုသည်။
၂၀၂၂ အတွက် မြန်မာနိုင်ငံရှိကလေးသူငယ်များ၏ဘက်ပေါင်းစုံလူသားချင်းစာနာမှုလိုအပ်ချက်ကို တုံ့ပြန်ဖြေရှင်းနိုင်ရန် အမေရိကန်ဒေါ်လာ ၁၅၁.၄ သန်း လိုအပ်နေကြောင်း UNICEF က ထုတ်ပြန်သည်။
