ပဲခူးမြို့ ကလျာဏီရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံးကို သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှု ယမန်နေ့ (ဇွန် ၁၆)ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပဲခူးဒေသခံများက ပြောသည်။
ယမန်နေ့ည ၈ နာရီခန့်က ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အမည်မသိလူငယ်နှစ်ဦးက လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင် ဆယ်အိမ်မှူးနှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ၎င်းဒေသခံများက ပြော သည်။
“မနေ့ညကဖြစ်သွားတာ။ ဖြစ်ဖြစ်ချင်းတော့ စကစတွေရောက်လာတယ်။ ဖမ်းဆီးစစ်ဆေးရှိမရှိ နောက်ဆက်တွဲအခြေအနေမငိရသေးဘူး” ဟု ပဲခူးဒေသခံတစ်ဦးက ပြောသည်။
ရုံးအတွင်းဝင်ရောက်ပစ်ခတ်ခံရသည့် ကလျာဏီအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်သည် စစ်ကောင်စီတပ်ထောက်ခံသူနှင့် ကြံ့ခိုင်ရေးပါတီဝင် မစန္ဒီမြင့်အောင်၏ဖခင်ဖြစ်ပြီး ၎င်းတို့မိသားစုသည် စစ်ကောင်စီတပ်နှင့် ပလဲနံပသင့်သူများဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မစန္ဒီမြင့်သည် စစ်ကောင်စီတပ်ထောက်ခံပွဲများနှင့် အမျိုးသားရေးဟုဆိုကာ ဆန္ဒပြပွဲတွင် အများဆုံးမြင်တွေ့ရသူတစ်ဦးလည်း ဖြစ်သည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး ၎င်း၏ဖခင်မှာ ရုံးအတွင်းရှိနေချိန်ဖြစ်၍ ထိမှန်ခံရခြင်းမရှိဘဲ ရုံးရှေ့တွင်ထိုင်နေသည့် ဆယ်အိမ်မှူးနှစ်ဦးသာ ကျည်ထိမှန်ခဲ့ပြီး ပဲခူးဆေးရုံသို့ ပို့ဆောင်ထားကြောင်း မစန္ဒီမြင့်အောင်က ၎င်း ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထား သည်။
အထက်ပါ ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ဆိုခြင်းကို သက်ဆိုင်ရာအဖွဲ့အစည်းက ယနေ့နံနက်ပိုင်းအထိ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
စစ်ကောင်စီလက်ထက်အတွင်း ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် အနည်းဆုံးနှစ်ကြိမ်ဗုံးပစ်တိုက်ခိုက်ခံခဲ့ရသည်။
