မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် ပြည်သူပိုင်စားနပ် ရိက္ခာများ ခိုးယူလုယက်ရန်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦးပြင်းထန်ဒဏ်ရာရရှိကြောင်း YDF (ထီးလင်း) က ထုတ်ပြန်သည်။
ရွှေအောင်သာကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် ယနေ့(ဇွန်၁၆ ရက်)နံနက် ၅ နာရီခန့်ကစ၍ အောင်းကျေးရွာရှိ ပြည်သူများ၏ စားနပ်ရိက္ခာများအား ခိုးယူလုယက်ရန်အလာတွင် လက်ဦးမှုရယူ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထိုတိုက်ပွဲမှာ ၁နာရီခန့် ပြင်းထန်စွာကြာမြင့်ခဲ့ပြီးနောက် နံနက် ၇နာရီခန့်တွင်လည်း နောက်တစ်ကြိမ်ထပ်မံ ဖြစ်ပွားခဲ့ပြီး နာရီဝက်ခန့်အပြန် အလှန်ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။
“အောင်းနဲ့ ရွှေအောင်သာက လေးမိုင်ဝန်းကျင် လောက်ပဲဝေးတယ်။ရွှေအောင်သာမှာတပ်စွဲထားတာလည်း ခြောက်လ လောက်ရှိပြီ။အင်အားက ၈၀ဝန်းကျင်လောက်ရှိတယ်။ရိက္ခာပြတ်လာပြီဆို ဘေးကနီးစပ်ရာ ရွာတွေထဲ ဝင် ဝင်ဆွဲ ပြီး လုယက်နေကြ။ဒီနေ့က သတင်းရတာနဲ့ စောင့်တိုက်နိုင်တာ”ဟု YDF ထီးလင်း တာဝန်ရှိသူက People’s Springသို့ ပြောသည်။
ထို့နောက် နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်မှာ ရိက္ခာမပါဘဲ ခြင်းကြားဗလာဖြင့် ရွှေအောင်သာသို့ဆုတ်ခွာသွားခဲ့ရသည်ဟု ဆိုသည်။
စစ်ကောင်စီဘက်မှ သုံးဦးပြင်းထန်ဒဏ်ရာရရှိ၍ကျဆုံးသတင်းစုံစမ်းဆဲဖြစ်ကာ YDF(ထီးလင်း)ဘက်မှ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
