တန့်ဆည်မြို့ပေါ်တွင် ဘုရားတိုက်တန်းများမီးလောင်မှုဖြစ်ပွားသည့်အပေါ် လမ်းပေါ်ထွက်ကြည့်သည့် အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း Taze Support Organization – TSO အဖွဲ့က ယနေ့ (ဇွန် ၁၁)ထုတ်ပြန်သည်။
ယမန်နေ့(ဇွန် ၁၀)ည ၈ နာရီကျော်က တန့်ဆည်မြို့၊ လမ်းဆုံရွှေကတော်ဘုရားတိုက်တန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကိုလမ်းပေါ်ထွက်ကြည့်ခဲ့သော ၃၂ နှစ်အရွယ် အမျိုး သမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
“ဘုရားကြီးတိုက်တန်းရဲ့နောက်မှာ အ.ထ.က ကျောင်းရှိတယ်။ မီးမြင်တော့ထွက်ကြည့်လို့ပစ်တာနေမယ်”ဟု TSO မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် သေဆုံးသွားသောအမျိုးသမီးမှာ တန့်ဆည် အ.ထ.က (၁)၏ မြောက်ဘက်နားတွင် နေထိုင်သူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အခန်းပေါင်း ၃၇ ခန်းရှိသော ဘုရားတိုက်တန်းတွင် ယမန်နေ့ညမီးလောင်မှုကြောင့် အခန်း ၁၀ ခန်းသာကျန်ရှိပြီး လူလေးဦးက ဆိုင်ကယ်များဖြင်လာ၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ထောက်တိုင်များ၏ လက်ချက်ဖြစ်နိုင်ကြောင်း မြို့ခံများက ခန့်မှန်းပြောဆိုသည်။
