စစ်ကောင်စီတပ်က ၆ရက်အတွင်း နေအိမ် ၅၀၀ခန့် မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၈)နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်သုံးဦးသေဆုံးခဲ့ပြီး ၆ရက်အတွင်း နေအိမ် ၅၀၀ခန့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ဇွန်လ ၁ ရက် ညပိုင်းက ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့အုပ်စုကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးထိမှန်ခံရပြီး (၅၆)နှစ်အရွယ် အိမ်ရှင်ဦးစိုးကျော်၊ သမီးဖြစ်သူ (၂၆)နှစ်အရွယ်မလဲ့လဲ့စိုးနှင့် မြေးဖြစ်သူ (၈)နှစ်အရွယ် မောင်ဇင်ဖုန်းပြည့်တို့ သေဆုံးခဲ့ကြောင်း Kotaungbo Revolution KTB-Rက သတင်းထုတ်ပြန်သည်။

ဇွန်လ ၃ ရက်တွင်လည်း စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ခဲ့၍ ကိုးတောင်ဘို့အုပ်စုမှ ပြည်သူနှစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ဇွန်လ ၅ ရက်တွင် ကန့်ဘလူမြို့နယ်အတွင်းရှိ ကိုင်းမရွာမှ နေအိမ် ၁၀လုံးနှင့် ရွာပြင်ရှိလယ်တဲအိမ်တစ်လုံး၊ ဇွန်လ ၆ ရက်တွင် ကန့်ဘလူမြို့နယ်၊လျှော်ဖြူကုန်းကျေးရွာမှ နေအိမ် ၁၁၈ လုံးမီးလောင်ပြာကျခဲ့ရပြီး စပါးတိုက် ၃၅လုံးမှ စပါးတင်းတစ်သောင်းကျော်၊တစ်ပိုင်းတစ်စ မီးလောင်ခံရသည့် နေအိမ် ၃၀ကျော်၊ နှောကုန်းရွာမှ နေအိမ် ၄၀ ကျော်၊ကျွန်းကုန်းရွာမှ နေအိမ် တစ်အိမ်လုံးတို့ မီးရှို့ဖျက်ဆီးသွားခဲ့သည်။

မီးရှို့ခံရသည့်အိမ်များထဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏နေအိမ်များပါဝင်သလို ပြည်ခိုင်ဖြိုးပါတီ အမာခံနေအိမ်များလည်းပါဝင်ကြောင်း၊ မုံရွာမြို့တွင်တာဝန်ကျနေသော ဒုရဲအုပ်ရဲမေ၏ မိဘအိမ်လည်းပါဝင်ကြောင်း Kotaungbo Revolution KTB-Rက အသိပေးသည်။
ဆက်လက်ပြီး စစ်ကောင်စီတပ်သည် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြရာ ဇွန်လ ၈ ရက်တွင် ဇော်ချောင်းကျေးရွာမှ နေအိမ် ၈၉ လုံး၊အလယ်ခုံကျေးရွာရှိ နေအိမ် ၁၆၄ လုံး၊ စပါးတင်းသုံးသောင်းကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တွင်လည်း နှစ်ရက်ဆက် မီးရှို့ခဲ့သည့်အတွက် ကန့်ဘလူမြို့နယ်၊အောက်တဲရွာမှ နေအိမ် ၃၅ လုံးနှင့်စပါးတိုက်(စပါးကျည်) နှစ်လုံးမီးလောင်ပြာကျဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ခြောက်ရက်အတွင်း အိမ်ခြေစုစုပေါင်း ၄၈၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ကိုးတောင်ဘို့ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများ ရှိနေသည်။
