စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်အုပ်စုကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၃ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မဟာ(တန့်ဆည်)က ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်စဥ်အရ ယနေ့(မေ ၂၂ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ ၎င်းတို့တပ်စွဲထားရာ ခပေါင်းကြိုင်ကျေးရွာမှာ စတင်ထွက်ခွာလာပြီးနောက် စိမ်းစားကျေးရွာအနီးသို့ ရောက်ရှိချိန်တွင် ရှေ့ထွက်မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ကနဦးသုံးဦးသေဆုံးခဲ့သည်ဟု ဆိုသည်။
ထို့နောက် ယနေ့ညနေပိုင်းတွင် ချောင်းရိုးကျေးရွာနှင့်ရေဦးမြို့နယ် လှည်းသွင်းကျေးရွာအကြား ထပ်မံတိုက် ခိုက်ရာ အနည်းဆုံး၁၀ဦးထက်မနည်း သေဆုံးကာ ၂၀ ကျော်ထိခိုက်ခဲ့သည်ဟု ဖော်ပြသည်။
“ဒီနေ့ တိုက်ခဲ့တဲ့ စခစစ်ကြောင်းက အင်အား၁၀၀ကျော် ရှိတယ်။သူတို့စစ်ကြောင်းက ရေဦးဘက်ကို ပြန်ထွက် ဖို့ လုပ်နေတာ။ဒါကိုကြိုသိလို့ ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေစုပြီး တိုက်ခဲ့တာ”ဟု တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်မဟာမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
အထိနာသွားသည့်စစ်ကောင်စီတပ်သည် ၎င်းတို့မီးရှို့စဥ် မီးမလောင်ဘဲ ကျန်ရှိခဲ့သည့် ချောင်းရိုးနှင့်စိမ်းစားတပ်ကုန်ကျေးရွာများရှိ နေအိမ် အလုံး ၄၀ကျော်ကိုထပ်မံ မီးရှို့ခဲ့သည်ဟု သိရသည်။
တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ လက်နက်ကြီးအသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။
ယနေ့တိုက်ပွဲအား ဖီးနစ်တန့်ဆည်၊Dragon Warrior ၊TY Local အဖွဲ့များအပြင် နီးစပ်ရာကျေးရွာမြေပြင်အဖွဲ့များနှင့်အတူ ရွှေဘိုခရိုင် တပ်ရင်း(၆၊၇)တို့မှ ပူးတွဲတိုက်ပွဲဝင်ခဲ့ကြသည်ဟု ဆိုသည်။
ထို့အပြင် အစစအရာရာကူညီပေးကြသော မြေ ပြင်အဖွဲ့များအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး ကူညီပံ့ပိုးမှု့အား လေးစားအသိမှတ်ပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။
ယခုလ ၂၀ရက် တစ်ရက်တည်း၌ပင် တန့်ဆည်မြို့နယ် ဖန်းကားဇင်၊စိမ်းစား၊ချောင်းရိုးနှင့် ခပေါင်းကြိုင် စသည့်ကျေးရွာ လေးရွာမှပြည်သူပိုင် နေအိမ် ၅၀၀ကျော်ကို အကြမ်းဖက် စစ်ကောင်စီမှ မီးတင်ရှို့ခဲ့သည်။
