ကချင်ဒေသတွင် စစ်ကောင်စီတပ်ကိုစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသော CDM စစ်သားများအား ဂုဏ်ပြုထောက်ပံ့ရန် အကူအညီလိုအပ်နေကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့(ဇွန် ၉) တွင် အသိပေးထုတ်ပြန်သည်။
အဆိုပါ CDM စစ်သားများမှာ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် စစ်သည်ကိုးဦးဖြင့် စုစုပေါင်း အရာရှိနှင့် စစ်သည် ၁၁ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းအရာရှိနှင့် စစ်သည်များသည် ပြည်သူ့ပန်းတိုင်နှင့် ဆက်သွယ်ကာ လက်နက်များနှင့် CDM ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ကချင်ဒေသလွတ်မြောက်နယ်မြေသို့ လက်နက်ခဲ့ယမ်းများနှင့်အတူ CDM ပြုလုပ်လာသူများဖြစ်ကြောင်း အသိပေးသည်။
“လက်နက်များဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်ခဲ့သော အရာရှိ၊စစ်သည်များအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်နိုင်ရန် ပြည်သူတို့၏ အကူအညီများလိုအပ်လျက်ရှိပါသည်”ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဖော်ပြသည်။

ထို့ကြောင့် စစ်ကောင်စီတပ်အားစွန့်ခွာ၍ လက်နက်ခဲယမ်းများဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်ခဲ့သော အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုငွေချီးမြှင့်လိုပါက ပြည်သူ့ပန်းတိုင် page messenger သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။
စစ်အုပ်စုမှ အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်အားစွန့်ခွာကာ ပြည်သူ့ဘက်သို့ရပ်တည်လာသည့် CDM စစ်သား ၁၀,၀၀၀ နီးပါးရှိပြီဖြစ်ကြောင်း NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက ယခုနှစ် ဧပြီလအတွင်းက ပြောကြားထားသည်။
